မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှာ ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းတည့်က MDA-နဂါးတပ်ဖွဲ့နဲ့ ဗိဿနိုး PDF တို့ပူးပေါင်းပြီး မြို့နယ်စည်ပင်ရုံးနဲ့ MPT ရုံးတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တောင်တွင်းကြီးမြို့က စည်ပင်ရုံးနဲ့ MPT ရုံးကို ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ နှစ်ဖွဲ့ပူးပေါင်းပြီး ဗုံးတစ်လုံးစီ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ MDA တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာနှင်းမောင်က DVB ကို ပြောပါတယ်။
တောင်တွင်းကြီးမြို့နယ် စည်ပင်ရုံးအနေနဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က Silent Strike ပြုလုပ်ခဲ့တဲ့ စျေးဆိုင်တွေကိုတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အတင်းအကြပ် ပိတ်ခိုင်းနေပြီး MPT ရုံးကတော့ ပြည်သူလူထုဆီကနေ မိုးဘိုင်းအင်တာ DATA စျေးနှုန်းတွေ တိုးမြှင့် ကောက်ခံနေတာကြောင့် ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တောင်တွင်ကြီးမြို့ပေါ် လမ်းဆုံလမ်းခွတွေနဲ့ ဌာနာဆိုင်ရာ ရုံးတွေမှာ စစ်ကောင်စီတပ်အင်အား တိုးမြှင့်ထားတဲ့ကြားက ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။
“အဲဒီပေါက်ကွဲမှုကြောင့် စည်ပင်ရုံးက ဝန်ထမ်းတစ်ချို့နဲ့ အဆောက်ဦကို ထိခိုက်နိုင်ပြီးတော့ MPT ရုံးအပြင်ဘက်မှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေလည်းပျက်စီးနိုင်တယ်ဗျ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ဘေးကင်းရာကို ဆုတ်ခွာနေရတာကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေနေကို အတိကျမသိရသေးဘူး” လို့ ပြန်ကြားရေးတာဝန်ခံ ဆရာနှင်းမောင်က ပြောပါတယ်။
အဲဒီ ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် MPT ရုံးနားက ထွေအုပ်အငြိမ်းစား ဝန်ထမ်းတစ်ယောက်ပိုင်ဆိုင်တဲ့ တော်ဝင်စားသောက်ဆိုင်မှာ ထိုင်နေတဲ့ ပြည်သူ အယောက် ၂၀ လောက်ကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ တောင်းတွင်းကြီးမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်မှာ စစ်ရေးအရှိန်ဟုန်တိုးမြှင့်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ အိမ်စီးကားတွေကို မှန်ချပြီးမှမောင်းနှင်ကြဖို့၊ စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေကို ရှောင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက သတိပေးထားပါတယ်။