မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ တောင်ဘီကျေးရွာ၊ နတ်ထောင့်ဘုန်းကြီးကျောင်းအနီးမှာ တပ်ဆင်ထားပြီး တောင်ဘီ-လယ်ယားကျေးရွာတွေကို မြစ်ရေပေးဝေနေတဲ့ ရေတင်စက်ကို စစ်ကောင်စီတပ်တွေက ဖြုတ်ယူသွားတာကြောင့် ဒေသခံရွာသားတွေ သောက်သုံးရေအတွက် အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ကျေးရွာဒေသခံတဦးက “တောင်ဘီ-လယ်ယားရွာခံတွေက လျှပ်စစ်မီတာခွန် မဆောင်ကြလို့ဆိုပြီး နတ်ထောင့်ဘုန်းကြီးကျောင်းနားဆိပ်ကမ်းက တရွာလုံးကို ဖြန့်ဝေပေးနေတဲ့ ရေတင်မော်တာစက်ကြီးများကို ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ဖြုတ်သိမ်းသွားတာ ခံလိုက်ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေက မြစ်ရေတင်စက်ကြီးကို ဖြုတ်ပြီးကားနဲ့ တင်သွားပြီးနောက်ပိုင်း ရွာသားတွေ သောက်သုံးရေအတွက် အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။