မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြိုင် စက်မှု-၂ စက်ရုံဆီသို့ ရေတွန်းပို့နေတဲ့ ရေစက်တွေကို ဒီဇင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းမှာ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ရေစက်တွေ မီးရှို့ဖျက်ဆီးခံရလို့ စက်မှု-၂ စက်ရုံအတွင်း ဒီကနေ့ ညနေပိုင်းမှာ သောက်သုံးရေ ပြတ်လပ်သွားပြီလို့ စက်ရုံနဲ့နီးစပ်သူတဦးက ပြောပါတယ်။
အဆိုပါစက်ရုံကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing PDF) က ရှော့ဒုံး ၂ လုံးနဲ့ ပစ်ခတ်ခဲ့လို့ စက်ရုံအဆောက်အအုံတွေ ပျက်စီးမှုရှိခဲ့ပါတယ်။
မြိုင် စက်မှု-၂ ဟာ မြိုင်မြို့ရဲ့တောင်ဘက် ၄ မိုင်လောက် ဝေးတဲ့နေရာမှာရှိတဲ့ အကြီးစား စက်ရုံသုံးပစ္စည်းတွေ ထုတ်လုပ်တဲ့စက်ရုံဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် မတိုင်ခင်က အရပ်သားစက်ရုံမှူးနဲ့ အရပ်သားဝန်ထမ်းတွေက လုပ်ကိုင်ကြပြီး ၂၀၁၃ နောက်ပိုင်းမှာတော့ စစ်တပ်က လက်ဝါးကြီးအုပ်လိုက်ပြီး စစ်သားတွေ လုပ်ကိုင်နေတာ တွေ့ရကာ စစ်သည် အင်အား ၄၀ ဝန်းကျင်နဲ့ သူတို့ရဲ့ မိသားစုဝင်တွေပါ နေထိုင်နေကြပါတယ်။
မြိုင်မြို့နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းပြီး ဒေသခံကာကွယ်ရေး အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ အထိနာပြီး သေဆုံးထိခိုက်တာ စစ်ကောင်စီဘက်ကလည်း စစ်အင်အားတွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။