စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာမှာ ဒီဇင်ဘာ ၁၀ ရက် မနက်က အန်အယ်လ်ဒီ ထောက်ခံသူ ၃ ယောက်ရဲ့ နေအိမ်တွေကို သလဲဘာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပူးပေါင်းပြီး လာရောက်မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“တရွာလုံးထွက်ပြေးရတယ်။ ခဏနေတော့ ရွာထဲက မီးခိုးလုံးတွေတက်လာတာကို ရွာအပြင်ကနေပဲ မြင်လိုက်ရတာ။ မီးရှို့ပြီး တော်တော်ကြာတဲ့အထိ ဒီကောင်တွေ ရှိသေးလို့ ဘယ်သူမှလည်း ရွာထဲပြန်ဝင်ပြီး မငြှိမ်းနိုင်လိုက်ဘူး။"လို့ ရွာခံတစ်ဦးက ပြောပါတယ်။
ဘာကြောင့်မီးရှို့တယ်ဆိုတာ ရေရေရာရာ မသိရပေမဲ့ မီးရှို့ခံရတဲ့ နေအိမ်တွေဟာ အန်အယ်လ်ဒီ ထောက်ခံအားပေးသူတွေဖြစ်တဲ့ ဦးသောင်းနိုင်၊ ဦးကျော်လင်းနဲ့ ဦးမြင့်သိန်းတို့ရဲ့ နေအိမ်တွေဖြစ်တယ်လို့သိရပါတယ်။
သလဲဘာကျေးရွာက ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီးနောက် အခုလိုနေအိမ်တွေ မီးရှို့ခံရတာလို့ ဆိုပါတယ်။
ဝက်လက်မြို့နယ်ထဲက ရွှေအိုးရ၊ သမ္မရိုး၊ ရွှေပန်းကုန်း၊ ကျောက်ကုန်း၊ သစ်ဆိမ့်၊ မြင်းသည်၊ နဘဲလှ၊ ရုံးပင်ကုန်းစတဲ့ကျေးရွာ ၈ ရွာမှာလည်း စစ်တပ်က ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
Photo-CJ