ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ Silent Strike သပိတ်နေ့က ပိတ်ထားတဲ့စျေးဆိုင်တွေ ပြန်လည်ဖွင့်လှစ်ခြင်းမပြုဖို့ စစ်ကောင်စီက ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ မနက် ၉ နာရီလောက်က မြို့ထဲလှည့်လည်ပြီး ဆိုင်တွေကို အဓမ္မခြိမ်းခြောက် ပိတ်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက်အစောကတည်းက လှည်းတန်းစျေးမှာ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လက်နက် အပြည့်အစုံနဲ့ စည်ပင်ဝန်ထမ်းတွေလိုက်ပါပြီး မနေ့က ပိတ်ထားတဲ့ ဆိုင်တွေကို ဒီနေ့ ဆိုင်ဖွင့်မခံဘဲ ပြန်ပိတ်ခိုင်းတာ၊ ၇ လမ်းထဲက ဈေးသည်တွေလည်း စျေးသိမ်းနေကြရတယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
လှည်းတန်းဈေးရုံဘေးလမ်း၊ လှည်းတန်းလမ်းမ KFC ဆိုင်ရှေ့၊ ကိန္နရီရှေ့၊၆လမ်းထိပ် ၊ထန်းတစ်ပင်လမ်းထိပ် စတဲ့နေရာတွေမှာ စစ်သား ၊ ရဲနဲ့ စည်ပင်ဝန်ထမ်းတွေက ကားနဲ့ လှည့်လည်ကြည့်ရှုနေကြပါတယ်။
အလားတူ တွံတေးမြို့မှာလည်း ဒီနေ့ မနက်ဖွင့်တဲ့ စျေးတန်းကို စစ်ကောင်စီက လာရောက် ခြိမ်းခြောက် ပိတ်သိမ်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နဲ့ မုံရွာမြို့တို့က ငြိမ်သက်ခြင်းသပိတ် (Silent Strike) မှာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ဈေးဆိုင်ခန်းတွေ၊ စတိုးဆိုင်တွေလည်း ဖျက်ဆီးခံရသလို ညနေပိုင်း ဈေးဆိုင်လာဖွင့်သူတွေကိုလည်း စစ်ကောင်စီတပ်က ရိုက်နှက်ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း ဒိုက်ဦးမြို့မှာတော့ အိုမီခရွန်း ကိုဗစ်ရောဂါမျိုးကွဲသစ်ကို အကြောင်းပြပြီး စစ်ကောင်စီက ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၅ ရက်အထိ ဒိုက်ဦးမြို့မဈေးကို ၅ ရက်ကြာ ယာယီပိတ်ထားဖို့ မြို့နယ် စစ်ကောင်စီက ညွှန်ကြားထားပါတယ်။