စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နဲ့ မုံရွာမြို့တို့က ငြိမ်သက်ခြင်းသပိတ် (Silent Strike) မှာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ဈေးဆိုင်ခန်းတွေ၊ စတိုးဆိုင်တွေ ဖျက်ဆီးခံရသလို ညနေပိုင်း ဈေးဆိုင်လာဖွင့်သူတွေကိုလည်း စစ်ကောင်စီတပ်က ရိုက်နှက်ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်ရပ်ကွက်က ပိတ်ထားတဲ့ ဈေးဆိုင်အချို့ကို ဒီဇင်ဘာ ၁၀ ရက်နေ့ မွန်းတည့် ၁၂ ဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်တွေက ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဖျက်ဆီးတာကတော့ မြို့ပေါ်ရပ်ကွက်က ဈေးဆိုင်ခန်းတွေ၊ အိမ်စတိုးဆိုင်တွေကို ဖျက်ဆီးတာ။ ဘာကြောင့် ဖျက်ဆီးတာလဲဆိုတော့ ဈေးဆိုင်မဖွင့်လို့။ တံခါးတွေ ဖျက်ဆီးတယ်၊ သော့တွေရိုက်ဖွင့်တာတွေ လုပ်တယ်။ မနက်ဖြန် ဒီဇင်ဘာ ၁၁ ရက်နေ့ ဈေးဆိုင်တွေ ပုံမှန်အတိုင်းပြန်မဖွင်ရင် ဒီထက်မက ဖျက်ဆီးတာတွေ ပိုလုပ်မယ်လို့ ခြိမ်းခြောက်အော်ဟစ်ခဲတယ်။ ဖျက်ဆီးတဲ့ ဆိုင်အရေအတွက်ကတော့ အတိကျမပြောနိုင်ဘူးရှင့်။ ဖျက်ဆီးခံရတာတော့များတယ်” လို့ ဈေးဆိုင်ဖျက်ဆီးခံရတဲ့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
မုံရွာမြို့ ကန်သာယာဈေး (သံလမ်းဈေး) မှာလည်း ညအိပ်လာတဲ့ ဈေးသည်တွေကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းမှာ ရိုက်နှက်ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
"ဒီကန်သာယာဈေးက နယ်ဘက်ကဈေးသည်တွေ ညအိပ်ပြီး မနက်ကျ ဈေးဖွင့်ကြတာ။ စစ်ကားတွေနဲ့ စစ်သားတွေကစောင့်ပြီး အဲ့ဈေးသည်တွေကို ဆဲဆိုဝိုင်းရိုက်ပြီး ပြန်လွှတ်နေတာ၊ ဒီနေ့ဈေးမဖွင့်လို့ မနက်ဖြန်လည်း ဈေးမဖွင့်ရဘူးဆိုတဲ့သဘော။ ဈေးသည်တွေ ရိုက်နှက်ခံရပြီး ပြန်သွားကြတယ်” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်တဲ့ ငြိမ်းသက်ခြင်းသပိတ် (Silent Strike) မှာ ပုလဲမြို့နဲ့ မုံရွာမြို့က ပြည်သူတွေလည်း ဈေးတွေ၊ ဈေးဆိုင်တွေ ပိတ်ပြီး အပြည့်ဝပါဝင်ခဲ့ကြပါတယ်။
ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ငြိမ်သက်ခြင်းသပိတ် Silent Strike အဖြစ် မြန်မာနိုင်ငံတဝန်းမှာ ဈေးတွေ၊ ဆိုင်တွေပိတ်ပြီး ပြည်သူတွေက ပါဝင်ဆင်နွှဲနေကြရာမှာ ပိတ်ထားတဲ့ဆိုင်တွေကို စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက် ပြန်ဖွင့်ခိုင်းတာ ပြုလုပ်ခဲ့ပါတယ်။