Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်က ဈေးဆိုင်များ ဆိုင်ပိတ်လျှင် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်
DVB
·
January 30, 2022
272854985_130077209505177_3239976463001302077_n

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ဖေဖော်ဝါရီ ၁ နေ့ မဖြစ်မနေဆိုင်ဖွင့်ရောင်းချရမှာဖြစ်ပြီး ဆိုင်ပိတ်ပါက အရေးယူသွားမယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်က ဇန်နဝါရီ ၂၉ ရက်နေ့မှာ ခြိမ်းခြောက်ညွှန်ကြားစာတွေ လိုက်ပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ဈေးဆိုင်တွေနဲ့ လုပ်ငန်းတွေကို စာရင်းကောက်ခံတာနဲ့ ဖုန်းနံပါတ်တွေပါ တောင်းယူသွားတယ်လို့ သိရပါတယ်။

“စည်ပင်က စာရင်းလာတောင်းတယ်။ ဖုန်းနံပါတ်ပါ တောင်းသွားတာ။ မနေ့က စာရွက်လည်း လာပေးထားတယ်။ ဆိုင်ပိတ်ရင် ဆိုင်ကိုပါ သိမ်းယူခံရမယ့်အပြင် ပုဒ်မမျိုးစုံနဲ့ ထောင်ချမယ် ဘာညာပေါ့လေ။ အဓိပ္ပာယ်မရှိဘူး၊ ကိုယ့်ဆိုင်ကို ပိတ်ချင်ပိတ်မယ် ဖွင့်ချင်ဖွင့်မှာပေါ့ဗျာ။ သူတို့ငွေနဲ့ ထူထောင်ထားတာမှ မဟုတ်တာ။ ဒါ သက်သက်အဓိပ္ပာယ်မဲ့ ခြိမ်းခြောက်စော်ကားတာ" လို့ ဒေသခံ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ခြိမ်းခြောက်ညွှန်ကြားစာပါအကြောင်းအရာအရ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဈေးဆိုင်တွေဖွင့်လှစ်ရောင်းချခြင်းမပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို တွေ့ရှိရကြောင်းနဲ့ ပုံမှန်အတိုင်းဆိုင်ဖွင့်ကြဖို့၊ ဆိုင်ပိတ်ထားပါက အကြမ်းဖက်ဥပဒေအရ တရားစွဲဆိုပြီး ပိုင်ဆိုင်မှုပစ္စည်းတွေ သိမ်းယူမယ်ဆိုပြီး စည်ပင်က မြို့နယ်အမှုဆောင်အရာရှိရဲ့ လက်မှတ်နဲ့ ဖော်ပြထားပါတယ်။

အလားတူ ချင်းပြည်နယ် ဟားခါးမြို့မှာလည်း ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ်မှာ ပါဝင်ပါက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်ခံရမယ်ဆိုပြီး ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး လက်ကမ်းစာစောင်တွေဖြန့်ဝေသလို လော်စပီကာနဲ့ လှည့်လည် အော်ဟစ် ကြေညာတာတွေလည်းရှိတယ်လို့ သိရပါတယ်။ 

လာမယ့် ဖေဖော်ဝါလ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၁ နှစ်ပြည့်သွားပြီဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအင်အားစုများက တနိုင်ငံလုံးမှာရှိတဲ့ ဈေးဆိုင်တွေ ပိတ်ထားကြဖို့နဲ့ လမ်းပေါ်မထွက်ဘဲ တိတ်ဆိတ်စွာ မိမိအိမ်မှာပဲနေခြင်းဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသမှု အသံတိတ်သပိတ် (Silent Strike) ပြုလုပ်ကြဖို့ကို နှိုးဆော်ထားပါတယ်။

စစ်ကောင်စီကတော့ Silent Strike ပြုလုပ်ဖို့ နှိုးဆော်သူတွေနဲ့ပူးပေါင်းပါဝင်မယ့် ပြည်သူတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဆက်သွယ်ရေးဥပဒေ စတာတွေ တရားစွဲအရေးယူမယ့်အပြင် ပိုင်ဆိုင်ပစ္စည်းတွေကို သိမ်းယူမယ်လို့ ထုတ်ပြန်ခြိမ်းခြောက်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024