မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေအတွက် ဒီဇင်ဘာ ၁၀ ရက်နေ့က ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက လုပ်ငန်းရှင်တွေထဲက ငွေကြေး ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပြင် တာဝန်ယူစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုကာ နိုင်ငံတော်ဘဏ္ဍာငွေတွေ ဆုံးရှုံးအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားတာပါ။
ဒီကနေ့ ရုံးချိန်းမှာတော့ အာဏာသိမ်းစစ်ကောင်စီက တင်သွင်းလာတဲ့ တရားလိုပြ သက်သေ ၂ ဦးကို မေးမြန်းစစ်ဆေးခဲ့ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် တရားလိုပြ သက်သေဘက်က မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်ကျော်လွင်နဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်တို့ ပါဝင်နေတယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ ဒီဗွီဘီက အတည်ပြု မနိုင်သေးပါဘူး။
ဒါ့အပြင် စစ်ကောင်စီဟာ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့လည်း အမှုဖွင့်ထားပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စွပ်စွဲထားတဲ့ ဥပဒေ ပုဒ်မ ၅၀၅ (ခ) အမှုကတော့ တရားခံပြ သက်သေတွေကို ဆက်လက် စစ်ဆေးနေတာပါ။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ထဲမှာ သူတစ်ဦးတည်းသာ ဖမ်းဆီးအမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။