မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် ဧပြီ ၂၆ ရက်နေ့မှာ ရုံးထုတ်ခဲ့ပေမယ့် တရားခံပြသက်သေ မလာတဲ့အတွက် အမှုမစစ်ဖြစ်ဘူးလို့ တရားနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) နဲ့ အမှု တစ်မှု၊ ပုဒ်မ ၁၇၁ (စ)နဲ့ အမှု နှစ် မှု စုစုပေါင်း အမှု ၃ မှုနဲ့ တရားစွဲဆိုထားတာပါ။
ဒီရုံးချိန်းမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်က တင်သွင်းထားတဲ့ တရားခံပြ သက်သေ တစ်ဦးကို စစ်ဆေးမေးမြန်းဖို့ စီစဉ်ခဲ့ပေမယ့် သက်သေ မလာတာကြောင့် ရုံးချိန်း ရွှေ့ပြောင်းလိုက်တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲအမှု ရုံးချိန်းကိုတော့ လာမယ့် မေလ ၃ ရက်နေ့ကို ရွှေ့ပြောင်းလိုက်တာ ဖြစ်ပြီး ရုံးချိန်းလာတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကျန်းမာရေး ကောင်းမွန်တယ်လို့ တရားနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှု ၊ အဂတိလိုက်စားအမှု အမှု ၉ မှု၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကိုတော့ စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားပါတယ်။