မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၅ ဖွဲ့ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
မဟာမိတ်အဖြစ် သထုံမြို့ မြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ သထုံပြည်သူ့ပြောက်ကျားများအဖွဲ့၊ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့၊ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတော်လှန်ရေး အင်အားစုနဲ့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလိုက်တာပါ။
အခုလို မဟာမိတ်အဖြစ် ပူးပေါင်းရတာဟာ တကွဲတပြားဖြစ်နေတဲ့ တော်လှန်ရေး အင်အားစုတွေ တစုတစည်းတည်း စစ်အာဏာရှင်အား အပြီးသတ်ချေမှုန်းတိုက်ထုတ်ဖို့အတွက် ပူးပေါင်းရတာလို့ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ စောကတုံးက DVB ကို ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် တော်လှန်ရေးတွေကို အရှိန်အဟုန် မြင့်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေ အနီးမှာ လှုပ်ရှားသွားလာတာမလုပ်ကြဖို့ သတိပေးထား ပါတယ်။
ပေါင်းစည်းလိုက်တဲ့ သထုံ PDF အဖွဲ့တွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လမ်းညွှန်မှု၊ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ရဲ့ ဦးဆောင်မှုနဲ့ ဒေသအတွင်း ပြည်သူ့တော်လှန်ရေး လှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ထား ပါတယ်။
သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်တာနဲ့ ကြားဖြတ်တိုက်ခိုက်တာတွေ ပြုလုပ်နေကြပါတယ်။