ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာမိန်းကလေး ၁ ဦးကို ခြေလက်ကြိုးတုပ်ပြီးတော့ လူမှုကွန်ရက် Tik Tok ပေါ်လွှင့်တင်ခဲ့တဲ့ မြန်မာစုံတွဲကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းလဝက ရဲဌာနချုပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၈ ရက်နေ့က ဘန်ကောက် လဝကရဲဌာနချုပ်မှာ ပြုလုပ်တဲ့ လပတ်မှုခင်းသတင်းစာ ရှင်းပွဲမှာ ထိုင်းဒုရဲချုပ် ဖတ်ဖုန်းဖိဖတ်ဆတ်ကျဖန်းက အခြားအမှုတွေနဲ့အတူ ထည့်သွင်း ပြောကြားခဲ့တာပါ။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လလောက်က ပထုန်ဌာနီခရိုင် ခလောင်းလုံမြို့ရှိ တိုက်ခန်းတစ်ခု ထဲမှာ ဇော်လို့ခေါ်တဲ့ မြန်မာအမျိုးသား ၁ ဦးက မင်း (အမည်လွှဲ) မိန်းကလေး ၁ ဦးကို ခြေတောက်နှစ်ဘက်လုံးရော လက်နှစ်ဘက်လုံးကိုပါ ကြိုးတွဲလွဲချည်နှောင်ပြီး သူမဟာ သူခိုးလို့ပြောဆိုကာ ဗွီဒီယိုရိုက်ပြီး Tik Tok လူမှုကွန်ရက်မှာ ဖြန့်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်ကို အိမ်နီးချင်းထိုင်းပြည်သူ ၁ ဦးက သိရှိပြီး သွားရောက်ဟန့်တားမှ မိန်း ကလေးကို လွှတ်ပေးခဲ့ကြောင်း၊ မိန်းကလေးက လွတ်လာတဲ့နောက် နယ်လှည့်လုံခြုံရေး ယူနေတဲ့ ရဲကိုတိုင်ကြားခဲ့ရာမှာ ရဲကလည်း ခလောင်းလုံနယ်မြေရဲစခန်းမှာ အမှုဖွင့်ပေးပြီး အထောက်အထားတွေစုဆောင်းကာ ဆက်လက်စုံစမ်းစစ်ဆေးရေးတွေ လုပ်ခဲ့ပါတယ်။
အဲဒီနောက် ကျူးလွန်သူ ဇော်ဟာ ဘန်ကောက် စမဲဒမ်နယ်မြေ ဘန်ခွန်ထိမ်းလမ်းသွယ် ၁၄ ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုမှာ ပုန်းအောင်းနေကြောင်းသတင်းရတဲ့အတွက် သွားရောက်ဖမ်းဆီးခဲ့ပြီး သူ့ရဲ့မိန်းမကိုလည်း ကြံရာပါအဖြစ် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ လင်မယား ၂ ယောက်စလုံးကို ခလောင်းလုံရဲစခန်းက တပါးသူအားချုပ်နှောင်မှု၊ တပါးသူရဲ့ အရှက်နဲ့သိက္ခာပျက်ပြားအောင် ဆောင်ရွက်မှု၊ ကွန်ပြူတာဥပဒေတွေနဲ့ပါ အရေးယူ သွားမယ်လို့ လဝကရဲချုပ်က ပြောသွားပါတယ်။