Home
မြန်မာသတင်း
အရာတော်နှင့်မင်းကင်းတွင် မြစ်ကူးတံတားနှင့်နေအိမ်အချို့ ဖျက်ဆီးခံရ၊ ပြည်သူထောင်ချီ ထွက်ပြေး
DVB
·
December 9, 2021
266347443_583528282723367_7170615049941815659_n
266154255_583528232723372_5127357320552481313_n
265955992_583527936056735_599907579220943515_n
265496833_583528459390016_3487752845454938616_n
265052285_131257465995334_15239514600023248_n
264832876_131257319328682_2940087419068716822_n
264802194_131257375995343_569674860666880843_n
264687228_131257285995352_6939352233819357645_n
264305208_131257345995346_32601007108295635_n
264220851_131257405995340_5037778991945100040_n
264098199_131257439328670_5196962999493415260_n
99

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ မူးမြစ်ကူးတံတားနဲ့နေအိမ်နှစ်လုံးကို ပျူစောထီးတွေက ဖျက်ဆီးခဲ့ပြီး မင်းကင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပြည်သူထောင်ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့နယ် အရှေ့တောင်ဘက် မူးမြစ်ဘေးမှာရှိတဲ့ ဆင်တလည်ကျေးရွာကို ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီခန့် ရွာအုပ်ချုပ်ရေးမှူး ဝင်းနိုင်နဲ့အတူ ပျူစောထီးတွေ ရောက်လာပြီး ရွာထဲက နေအိမ်တွေကို မွှေနှောက် ဖျက်ဆီးကြတာလို့ ဆိုပါတယ်။

ရွာခံတဦးက “ကျနော်တို့ရွာက အုပ်ကြီးကိုယ်တိုင် လမ်းပြတာပါဗျ။ လမ်း‌မှာ တွေ့တဲ့လူတွေရဲ့ ဖုန်းတွေလည်းသိမ်းပြီး အုပ်ကြီးဆီမှာ ပြန်လာယူဖို့ ပြောသွားတယ်။ PSI စလောင်းတွေကိုလည်း ဖြုတ်ပြီးရင် လာအပ်ဖို့ လိုက်သတိပေးသွားတယ်၊ သံပန်းသံတံခါးလုပ်တဲ့ နေအိမ်နဲ့‌ နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေရဲ့အိမ်တွေကို ဝင်ရှာဖွေမွှေနှောက်ဖျက်ဆီးသွားကြတာ” လို့ ပြောပါတယ်။ 

ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ဆင်တလည်ကျေးရွာနဲ့ မူးမြစ်အရှေ့ဘက်ကမ်းကျေးရွာက ပြည်သူတွေ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားတဲ့ မူးမြစ်ကူးတံတားကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အမိန့်ဆိုပြီး ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။

မူးမြစ်ကူးတံတားကို ဖျက်ဆီးကြတဲ့အပြင် ရွာရှိ စက်လှေသမားတွေကိုလည်း တစ်ဖက်ကမ်း သွားမယ့်သူတွေကို လိုက်မပို့ဖို့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ လက်နက်ကိုင်ပျူစောထီးတွေက ခြိမ်းခြောက်သွားတယ်လို့ သိရပါတယ်။

ဒေသတွင်း ပြည်သူလူထုကို ခြိမ်းခြောက်အန္တရာယ်ပေးပြီး အဖျက်အမှောက်ပြုလုပ်နေတဲ့ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာက ပျူစောထီးတွေကို ဒီဇင်ဘာ ၆ ရက်နေ့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ပျူ ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် ချင်းတွင်မြစ် တောင်ဖြူဆိပ်ကမ်းကနေ ဒီနေ့မနက် ၇ နာရီကျော် ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်က မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းဒေသခံတစ်ဦးက “တောင်ဖြူဆိပ်ကမ်းမှာ ကပ်ထားတဲ့ စစ်ကောင်စီမော်တွေက ဒီမနက်ခင်းက မုံရွာဘက်စုန်လာတဲ့ မော်တွေစီကနေ လက်နတ်ကြီး၊ လက်နတ်ငယ်တွေနဲ့  မရပ်မနားကို ပစ်ခတ်တာဗျ။ လောလောဆယ် ဘာတွေထိလို့ ဘာတွေပျက်စီးမယ်မှန်း မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကျောက်စိမ်းတင် မော်တော် ၅ စီးဟာ သင်တောအောက်ဘက်၊ ခက်လုံကျေးရွာဘက် ရောက်ရှိနေတာကြောင့် ကလေးဝမြို့နဲ့အနီးဝန်းကျင်မှာ ကုန်ရေယာဥ်ပေါင်း ရာနှင့်ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ပုံစာ ။ ဖျက်ဆီးခံခဲ့ရသည့် မူးမြစ်ကူးတံတားနှင့် ဆင်တလည်ကျေးရွာက နေအိမ်အချို့

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024