Home
မြန်မာသတင်း
ရေစကြိုမြို့ ကမ်းနားလမ်းတွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်
DVB
·
December 7, 2021
265407354_2724049547898319_7110149651706817775_n

မကွေးတိုင်း ရေစကြိုမြို့ ကမ်းနားလမ်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက လမ်းသွားလမ်းလာပြည်သူတွေကို ဒီနေ့မနက်က ဒူးထောက်ခိုင်း ဖမ်းဆီးရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်း လမ်းမှာဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ပြီး မတ်စ်တပ်လာသူ၊ ဆိုင်ကယ် အမျိုးသားနှစ်ယောက် စီးနင်းလာသူတွေကို ဒူးထောက်ခိုင်းပြီး ရိုက်နှက်မှုတွေ ပြုလုပ်နေတာလို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

“ကမ်းနားလမ်းတစ်လျှောက်လုံး ယူနီဖောင်းတွေ၊ အရပ်ဝတ်စုံတွေနဲ့ သေနတ်ကြီးတွေ တကားကားနဲ့ လမ်းသွားလာနေတဲ့သူတွေကို သေချာကိုရှာတာ။ မတ်စ်တပ်လာတဲ့သူတွေကို မတ်စ်မတပ်ရဘူးတဲ့၊ ဆိုင်ကယ်လည်း ယောကျ်ားနှစ်ယောက်မစီးရဘူးတဲ့။ မတ်စ်တပ်တဲ့သူတွေ၊ ဆိုင်ကယ် ယောကျ်ားလေး နှစ်ယောက်စီးတဲ့သူတွေကို ဒူးထောက်ခိုင်းပြီးတော့ ရိုက်နှက် နှိပ်စက်တယ်၊ သေနတ်တွေနဲ့ရိုက်နေတယ်။ ဖမ်းခံရတဲ့သူတွေကလည်း ကြောက်လို့ ပြန်မလုပ်ရဲကြဘူး သူတို့က သေနတ်တွေပါတာလေ။”

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က မြောင်မြို့နယ် မြစံကျေးရွာနဲ့ပရိမ္မကျေးရွာကြားမှာလည်း အပြစ်မဲ့ ကျေးရွာသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

“စခတွေက တောနင်းရှာနေတာ မြစံနဲ့ ပရိမ္မကြားမှာ  အမျိုးသားလေးတစ်ယောက်ကို ရိုက်နှက်ဖမ်းသွားတယ်။ အဲ့ကနေ ပရိမ္မရွာထဲ သရက်ခြံထဲမှာ အဖွဲ့တွေထပ်ခွဲပြီး ရှာနေတယ်။ အနီးနားက ရွာထဲက ရွာသားတွေလည်းထွက်ပြေးနေကြတယ်။ အချိန်ကတော့  ဒီမနက် ၈ နာရီခွဲလောက်ကပဲ” လို့ ရွာခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထားတဲ့ ဆီတွဲသင်္ဘောကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်မောင်းယူလာပြီး ရေစကြိုမြို့ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီး ဆီတွဲသင်္ဘောနဲ့အတူ ကျောက်တန်း၊ ရွှေတချောင်း ကျေးရွာတွေက မတရား ခိုးယူလာတဲ့ စက်လှေတွေလည်း ပါလာခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့မနက်ပိုင်းမှာပဲ ကျောက်ရစ်ကျေးရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ လောက်ဟာ မြောင်မြို့နယ် ပရိမ္မကျေးရွာအတွင်း ၂ ဖွဲ့ခွဲ တောနင်း ရှာဖွေတာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေစကြိုမြို့နဲ့ မြောင်မြို့တို့ဟာ မြို့ချင်းထိစပ်နေတဲ့မြို့တွေဖြစ်ပြီး ချင်းတွင်းမြစ်ကြောအတွင်းမှာ တည်ရှိတဲ့ မြို့တွေဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024