စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အခြေစိုက် ဂဠုန်တပ်တော်ကရဲ ဘော်သုံးဦးဟာ မြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေတာကြောင့် ဒီဇင်ဘာလ ၅ ရက် ညနေ ၆ နာရီလောက် မိုင်းပြင်ဆင်ဆောင်ရွက်နေစဉ် မတော်တဆဖြစ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ ဂဠုန်တပ်တော် စစ်ရေးတာဝန်ခံက အတည်ပြုပြောပါတယ်။
“တကယ်က အကြမ်းဖက်စစ်တပ်က ရွာနဲ့တစ်ရွာကျော်လောက် ရောက်လာလို့ အဝေးထိန်း မိုင်းမလောက်တာနဲ့ တိုက်မိုင်းလုပ်တဲ့အချိန်မှာ မတော်တဆဖြစ်သွားတာပါ။ ဂဠုန်တပ်တော်ရဲ့ တပ်ခွဲမှူးအပါအဝင် တပ်ဖွဲ့ဝင်တွေနဲ့ ညတွင်းချင်း မီးသင်္ဂြိုဟ်ပေးခဲ့ရပါတယ်ဗျ။ ယုံကြည်ချက်ချင်းတူလို့ ဒီတော်လှန်ရေးကို အတူတူလုပ်ခဲ့ကြတဲ့ ရဲဘော်တွေပဲဗျာ ပေးဆပ်ရတဲ့ တန်ဖိုးတွေကြီးမားပါတယ” လို့ ဂဠုန်တပ်တော်စစ်ရေးတာဝန်ခံ ပျံလွှားက DVB ကိုပြောပါတယ်။
ကျဆုံးသူရဲကောင်းတွေဟာ ဂဠုန်တပ်တော် သင်တန်းဆင်းရဲဘော် အသက် ၂၀ အရွယ်တွေဖြစ်ပြီး ရဲဘော်အေးဇော်ဝင်း ကိုယ်ပိုင်အမှတ်- D00051၊ ရဲဘော်ဇော်ဇော်နိုင် ကိုယ်ပိုင်အမှတ် -D00114 နဲ့ ရဲဘော်မျိုးမင်းထက် ကိုယ်ပိုင်အမှတ်-D00151 တို့ ဖြစ်တယ်လို့ ဂဠုန်တပ်တော်က ထုတ်ပြန်ထားပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်းက ဂဠုန်တပ်တော်မှာ အခုလိုမတော်တဆဖြစ်လို့ ကျဆုံးသူ ၅ ဦးရှိခဲပြီဖြစ်ပြီး စစ်ဆင်ရေးမှာ ကျဆုံးသူမရှိခဲ့ဘဲ ဒဏ်ရာရသူ ၄ ဦးရှိတယ်လို့ သိရပါတယ်။