ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ကိုးဆူစစ်ဆေးရေးဂိတ်မှာ ရန်ကုန်ကနေ ပုသိမ်ကိုလာတဲ့ ခရီးသွားကားတွေကို တားဆီးပြီး အမျိုးသမီးတဦးအား စစ်ကောင်စီတပ်သားတွေက အပူတပြင်း လိုက်ရှာနေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့ ကိုးဆူစစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ခရီးသွားကားတွေပေါ် စစ်ကောင်စီတပ်သားတွေက အမျိုးသမီးတဦး ဓာတ်ပုံကိုင်ဆောင်ကာ လိုက်ပါလာသူတွေနဲ့ တိုက်ပြီး စစ်ဆေးနေတာလို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။
“စစ်ဆေးရေးဂိတ်တွေတော့ တော်တော်များတယ်၊ ဒါပေမဲ့ အဲဒီကိုးဆူဂိတ်ရောက်မှာ ကားပေါ် အဲဒီကောင်တွေ တက်လာပြီးတော့ ဓာတ်ပုံနဲ့ တိုက်စစ်တာ၊ ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံတဲ့ပါတဲ့ အမျိုးသမီးနဲ့တူတဲ့သူ ရှိလားဆိုပြီး ရှာခိုင်းတာ။”
ရန်ကုန်ကနေ ပုသိမ်ကို ဝင်လာမယ့် ခရီးသွားကားတွေကို တားဆီးပြီး အမျိုးသမီးတဦး ဓာတ်ပုံနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာလဆန်းပိုင်းက စတင်ပြုလုပ်ခဲ့တာလို့ ဒေသခံအချို့ က ပြောပါတယ်။
ပုသိမ်မြို့မှာ ယာဉ်ထိန်းရဲကင်းစခန်းကို ဝင်ရောက်ပစ်ခတ်မှုတွေနောက်ပိုင်းမှာ စစ်ဆေးတာတွေ ပိုမိုတင်းကျပ်လာခဲ့သလို PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူ ၃၀ ကျော်လောက်ရှိလာပြီလို့ သိရပါတယ်။