နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို လက်ပြနှုတ်ဆက်မှုအပါအဝင် စွဲချက်တွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ဇမ္ဗူသီရိတရားရုံးက ဒီကနေ့ ဒီဇင်ဘာ ၆ ရက်မှာ ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ပုဒ်မ ၅၀၅(ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅ အတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
သမ္မတဦးဝင်းမြင့်ကိုလည်း ပုဒ်မ ၅၀၅(ခ)အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပါတယ်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)အမှုအတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၇ ရက်က အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ နိုင်ငံခြားသံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့ခဲ့တဲ့ ကြေညာချက်အမှတ် ၆/၀၂/၂၁ ပါ အကြောင်းအရာတွေဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင် တို့ကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဆိုကြေညာချက်မှာ အာဏာသိမ်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုမပြုရေး၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သာ နိုင်ငံတော်ရဲ့ တရားဝင် အစိုးရဖြစ်ကြောင်းဖော်ပြထားတာဖြစ်ပြီး နိုင်ငံခေါင်းဆောင်တွေ ဖမ်းဆီးခံနေရချိန်မှာ ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၂၀၂၀ စက်တင်ဘာလ ၁၉ ရက်က မဲဆွယ်စည်းရုံးရေး Car Campaign ကို လမ်းပေါ်ထွက် လက်ပြနှုတ်ဆက်ခဲ့တာ ကိုဗစ်-၁၉ စည်းကမ်းတွေကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒီအမှုတွေဟာ နိုင်ငံခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ပထမဆုံးအမိန့်ချလိုက်တဲ့ မှုတွေဖြစ်ပြီး နိုင်ငံခေါင်းဆောင်တွေကတော့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုထားပါတယ်။
စစ်ကောင်စီက နိုင်ငံခေါင်းဆောင်တွေကို ထောင်ဒဏ်တွေချလိုက်တဲ့အတွက် စစ်တပ်နဲ့ပြည်သူ ရန်ငါစည်းပြတ်သွားပြီဖြစ်ကြောင်းနဲ့ စစ်ကောင်စီက နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း မထေမဲ့မြင်ပြုလိုက်တာလို့လည်း နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
စစ်ကောင်စီကရှေ့ဆက်ပြီး သူတို့ စစ်တပ်ရှင်သန်ရေးအတွက်ကိုပဲ ဆောင်ရွက်တော့မှာဖြစ်ပြီး ပြည်သူကိုငဲ့ညှာတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။
အဆိုပါအမှုတွေကို မူလက နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ ချိန်းဆိုခဲ့ပေမယ့် တရားရုံးက ဒီဇင်ဘာ ၆ ရက် ဒီနေ့ကျမှ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အမှု ၁၂ မှုနဲ့တရားစွဲထားတာဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၅ ရက်နေ့ကစွပ်စွဲတဲ့ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုနဲ့ဆိုရင် ရင်ဆိုင်ရမယ့်အမှု ပိုများလာတာဖြစ်ပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတစ်ခုချင်းစီကို ကာလရှည် အချိန်ဆွဲပြီး အမိန့်ချသွားဖို့ရှိနေသလို တရားစီရင်ရေး ယန္တရားကို အသုံးချပြီး နိုင်ငံရေးအရနှိပ်ကွပ်နေတာလို့လည်း ဥပဒေကျွမ်းကျင်သူ တွေက သုံးသပ်ပြောပါတယ်။