Home
မြန်မာသတင်း
မြို့သစ်မြိုနယ်၌ အသက် ၁၂ အရွယ်ကလေးအပါအဝင် ၃ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံရ
DVB
·
December 6, 2021
260351049_1230927174067957_1760790906457598004_n

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ စတုံ-ဂွေးကုန်းကျေးရွာ(ရွာမ) မှာနေထိုင်တဲ့ အမျိုးသား တယာက်ကို မတွေ့လို့ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ်ကလေး ၁ ယောက်နဲ့  ဒေသခံအမျိုးသား ၂ ယောက်ကို ဒီဇင်ဘာ ၄ ရက်ည  ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကြမ်းဖက်ဖမ်းဆီးခံရသူတွေဟာ အသက် ၁၂ နှစ်အရွယ် မောင်ဗညားဟန်နဲ့ အသက် ၄၀ ဝန်းကျင်အရွယ်တွေဖြစ်ကြတဲ့ ကိုဉာဏ်ထွန်းနဲ့ ကိုဝင်းလှိုင်တို့ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုတဲ့ ကျေးရွာသားတဦးက “ရွာကိုလာဖမ်းတဲ့ညက ဆူညံလို့။ အဖမ်းခံရတဲ့ ဗညားဟန်ရဲ့ အဖေက အလုပ်ထွက်လုပ်နေတာကို မတွေ့လို့ဆိုပြီး သားကိုဓားစာခံဖမ်းသွားတယ်။ ရွာက လူ ၂ ယောက်လည်း ပါသွားတယ်။ ဘာဖြစ်လို့ ဖမ်းတာလဲဆိုတာတော့ မသိသေးဘူး။ အဖမ်းခံရတဲ့သူ ၂ ယောက်ကလည်း ရွာမှာတောင်သူလုပ်နေတဲ့လူတွေပဲ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ ကိုဉာဏ်ထွန်းနဲ့ ကိုဝင်းလှိုင်တို့ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲအကြိုကာလတွေမှာ အန်အယ်လ်ဒီ ပါတီမဲအောင်နိုင်ရေးအတွက် တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

“ရွာက စစ်ကောင်စီအုပ်ချုပ်ရေးမှူး စိုးမင်းထွန်းနဲ့ တပည့် ၂ ယောက်က တိုင်လို့ လာဖမ်းတာတဲ့။ သူတို့က ပြည်ခိုင်ဖြိုးအကြီးစားတွေ။ အဖမ်းခံရတဲ့သူတွေကိုတော့ တောင်တွင်းကြီးကို ခေါ်သွားတယ်လို့ကြားတယ်။ စုံစမ်းတုန်းပဲ” လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီဗွီဘီက တောင်တွင်းကြီးမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ “ကျနော်တို့မသိပါဘူး။ သူတို့တွေ ကျနော်တို့စခန်းမှာလည်းမရှိဘူး။ မြို့နယ်ခန်းမနဲ့ စရဖရုံးတွေမှာ စုံစမ်းကြည့်ပါ” လို့ တာဝန်ကျရဲတဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ တောင်တွင်းကြီးမြို့နယ်ခန်းမ စစ်ကြောရေးနဲ့ မြို့နယ်ခန်းမအနီးက စရဖရုံးတွေမှာ အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ်က ဗိုလ်မှူးသက်ခိုင်ထွန်း ဦးဆောင်ပြီး ဖမ်းဆီးခံရတဲ့ဒေသခံပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်နေတယ်လို့ စစ်ကြောရေးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကလည်း မြို့သစ်မြို့နယ်၊ မန်ကျည်းကုန်းကြီးရွာက ဒလန်တွေရဲ့ သတင်းပေးမှုကြောင့် မကွေးတက္ကသိုလ် ဓာတုဗေဒဘာသာရပ်က ပထမနှစ်ကျောင်းသူ ၁ ယောက်ကို စစ်ကောင်စီတင်သားတွေက ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024