မန္တလေးတိုင်း၊ မိုးကုတ်မြို့ စည်ပင်သာယာရပ်ကွက်က ၄ နှစ်အရွယ်ကလေးအပါအဝင် ထွေအုပ်ရုံး CDM ဝန်ထမ်း မိသားစုဝင် ၅ ယောက်ကို ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
"စည်ပင်သာယာထဲက ဦးစိုးဌေးယောက္ခမအိမ်ကို ဝင်မွှေတာ၊ ပစ္စည်းတွေလည်း သယ်သွားတယ်။ အဲ့အိမ်မှာနေတဲ့ CDM ဝန်ထမ်းရယ်၊ သူ့မိန်းမရယ်၊ ကလေး ၂ ယောက်ရယ်၊ မိသားစုဝင် ၁ ဦးရယ် ဖမ်းခံလိုက်ရတယ်" လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ထွေအုပ်ရုံးက CDM ဝန်ထမ်းဖြစ်သူ ကိုငြိမ်းချမ်း၊ ဇနီးအပါအဝင် အသက် ၄ နှစ်နဲ့ ၇ နှစ်အရွယ် သမီး ၂ ယောက်နဲ့ မိသားစုဝင် ၁ ယောက်တို့ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
သပိတ် ခေါင်းဆောင်ဦးစိုးဌေးနဲ့ အမျိုးတော်စပ်တာကြောင့် ဖမ်းဆီးခံရတာ ဖြစ်နိုင်ပြီး ဘယ်ကို ခေါ်သွားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နေအိမ်အတွင်းက ပစ္စည်းတွေနဲ့ သပိတ်ခေါင်းဆောင် ဦးစိုးဌေးနေအိမ်အတွင်းက ပစ္စည်းတွေပါ ထပ်မံသယ်ဆောင်သွားသေးတယ်လို့ သိရပါတယ်။