စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ခြင်းခံခဲ့ရမှုကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတစ်ချို့ စားနပ်ရိက္ခါအပါဝင် ဆေးဝါးအကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ပုလဲ-ဂန့်ဂေါ ကားလမ်းဘေးဝဲယာအနီးမှာရှိတဲ့ ၅၅ မိုင်၊ ၅၆ မိုင်၊ ၅၇ မိုင်၊ ၅၈ မိုင်၊ ၅၉ မိုင် နဲ့ အင်တော်ပြန့် စတဲ့ ကျေးရွာတွေက ပြည်သူတွေ အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာထဲက အဆိုးရွားဆုံး မီးဘေးသင့်ခံခဲ့ရတာကတော့ ၅၆ မိုင် ရွာဖြစ်ကာ အကူညီလိုအပ်နေတဲ့အိ မ်ခြေပေါင်း ၄၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူများဟာ နေထိုင်စားသောက်ရေးအပြင် ဆေးဝါးတွေပါ လိုအပ်နေပြီး လက်ရှိအချိန်မှာတော့ ပရဟိတအသင်းတွေနဲ့ ဗိုလ်မိုးကောင်း ဦးဆောင်တဲ့ ဒေသခံ PDF အဖွဲ့တို့က တတ်နိုင်သလောက် ကူညီပေးနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေကို ထောက်ပံ့မှုပေးနေတာက အများပြည်သူတွေက အဖွဲ့ကို လှူဒါန်းထောက်ပံ့ထားတဲ့အထဲက မျှဝေသုံးစွဲနေရတာဖြစ်ပြီး ဆက်လက်ထောက်ပံ့နိုင်ရေးအတွက်က စေတနာရှင်ပြည်သူတွေရဲ့ အကူညီလိုအပ်နေတယ်လို့ ကူညီထောက်ပံ့မှုပေးနေတဲ့ ဗိုလ်မိုးကောင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဝဏ္ဏ ပြောပါတယ်။
ပုလဲမြို့နယ်ဟာ ဒေသခံ PDF အဖွဲ့များနဲ့ စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ခိုက်မှုဖြစ်စဥ်များရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ အကျဆုံးများခဲ့ရတဲ့ ဒေသတစ်ခုဖြစ်သလို စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပြည်သူတွေရဲ့ နေအိမ်တွေလည်း မီးရှို့ဖျက်ဆး ခံနေရတာပါ။