ကေအန်ယူ တပ်မဟာ ၁ သထုံခရိုင်၊ ဘားအံမြို့နယ် (EC) က မြို့နယ်အတွင်း မော်တော်ယာဥ်နဲ့ ခရီးသွားလာကြမယ့် ပြည်သူတွေလိုက်နာဖို့ အချက် ၄ ချက်ပါ သဘောထားကြေညာချက် တစ်စောင်ကို ဒီဇင်ဘာ ၄ ရက်က ထုတ်ပြန်အသိပေးခဲ့ပါတယ်။
အဆိုပါထုတ်ပြန်ချက်မှာ ခရီးသွားလာခွင့်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ သွားလာခွင့်ပြုပြီး ကန့်သတ်ချိန် ကျော်လွန်ခရီးသွားလာခွင့်မပြုကြောင်း၊ သထုံခရိုင်-ဖားအံမြို့နယ်၊ တပ်ရင်း ၁ ထိန်းချုပ်နယ်မြေအတွင်း မော်တော်ယာဥ်အသုံးပြုပြီး ခရီးသွားလာပါက ကားမှန်ချပြီး မောင်းနှင်းသွားလာကြဖို့၊ မော်တော်ကား၊ ဆိုင်ကယ် စက်တပ်ယာဥ်တွေနဲ့ ခရီးသွားလာရာမှာ တာဝန်အရ စစ်ဆေးတာကို ကြည်ဖြူစွာ လက်ခံပေးဖို့နဲ့ ပြည်သူတွေအနေနဲ့ အရေးပေါ် ကိစ္စရပ်ရှိလာခဲ့ပါက သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေဆီ ဆက်သွယ်အကြောင်းကြားဖို့ ထုတ်ပြန်ထားပါတယ်။
ဘားအံမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ ကေအန်ယူ ထုက်ပြန်ကြေညာချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့တပ်၊ BGF တပ်တွေဟာ အရပ်သားအသွင်ပြီး မော်တော်ယာဥ်တွေနဲ့ နယ်မြေကျော် လှုပ်ရှားလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာတွေ ရှိတယ်လို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ ၁၇ ရက်က ဘားအံမြို့နယ်အတွင်း စစ်ကောင်စီရဲ့တပ်၊ BGF တပ်တွေဟာ အရပ်သားအသွင် မော်တော်ယာဥ်တွေနဲ့ နယ်မြေကျော်သွားလာခဲ့တဲ့အတွက် KNLA တပ်ရင်း ၁ နဲ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ BGF တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မော်တော်ယာဥ် ၂ စီး ပျက်စီးခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက်က မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ် ဇလုံရွာနားမှာ စစ်ကောင်စီရဲ့ အရပ်ဝတ်နဲ့ တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတစ်စီးကို KNLA တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အမှတ် ၅၉၈ ခြေမြန်တပ်ရင်းက ဒုဗိုလ်အပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ခဲ့ပါတယ်။