မန္တလေးတိုင်း၊ သာစည်မြို့နယ်မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တယောက်ရဲ့ နေအိမ်နဲ့ လက်ဖက်ရည်ဆိုင် တဆိုင်တို့ကို ဒီဇင်ဘာ ၃ ရက်မှာ စစ်ကောင်စီက ချိတ်ပိတ်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
သာစည်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နေနွယ်ဝင်း(ခ)မပအို့မ နေအိမ်နဲ့ မေဖလားဝါး(MayFlower) လက်ဖက်ရည်ဆိုင်တို့ကို စစ်ကောင်စီအဖွဲ့တွေ ရောက်လာပြီး ချိတ်ပိတ်သွားတာဖြစ်ပါတယ်။
“အန်အယ်လ်ဒီပါတီဝင်တစ်ဦးပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အမှတ် (၂) မဲဆန္ဒနယ်က အနိုင်ရ ကိုယ်စားလှယ်တစ်ဦးပေါ့။ လူကတော့ ရှောင်နေတာ။ အိမ်နဲ့ ဆိုင်ကိုတော့ ချိတ်ပိတ်သွားတယ်” လို့ မြို့ခံက ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နေနွယ်ဝင်းရဲ့ နေအိမ်နဲ့ ဆိုင်ကို စစ်ကောင်စီက ဘာကြောင့် ချိတ်ပိတ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
မြန်မာနိုင်ငံတဝန်းမှာ အန်အယ်လ်ဒီပါတီရုံးတွေ၊ လွှတ်တော် အမတ်တွေရဲ့ နေအိမ်တွေသာမက အန်အယ်လ်ဒီ ထောက်ခံတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကိုပါ စစ်ကောင်စီက ချိပ်ပိတ်နေတာ ဖြစ်ပါတယ်။