မြိတ်မြို့က ပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၇ ရက်မြောက်တဲ့နေ့ ဖေဖော်ဝါရီ ၇ ရက်က စပြီး တခြားဒေသတွေလိုပဲ ငြိမ်းချမ်းစွာနဲ့ စည်းကမ်းရှိရှိ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ အဲဒီလို အခြေအနေတွေမှာ ကျွန်တော်တို့ သတင်းသမားတွေအနေနဲ့လည်း ဒီအာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ ဘယ်လို ဆောင်ရွက်ရမယ် လူထုဘက်ကနေ ဘယ်လိုရပ်တည်ပြီး ဆောင်ရွက်ရမယ်ဆိုတာကို ဒေသတွင်း သတင်းသမားတွေနဲ့ တိုင်ပင်ခဲ့ကြတယ်။ ဒေသတွင်းမှာရှိတဲ့ တချို့သတင်းမားတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စိုးရိမ်စိတ်တွေကြောင့် သတင်းအလုပ်ကို ဆက်မလုပ်ကြတော့သလို တချို့ကျတော့ စစ်တပ်ကို ထိခိုက်စေမယ့် စကားလုံးတွေကိုရှောင်ရှားပြီး ရေးသားလာတာတွေ့ရတယ်။ ဒီအတွက်လည်း သူတို့ကို အပြစ်သွားပြောလို့မရပါဘူး ကျွန်တော်တို့ သတင်းလောကမှာ စကားတစ်ခုရှိပါတယ် မိမိအသက်ထက်အရေးကြီးတဲ့သတင်း ဘာတစ်ခုမှမရှိဘူးဆိုတာကိုလည်း အမြဲအမှတ်ရနေပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်မှာ ပြည်သူတွေအတွက် ကျွန်တော်တို့ သတင်းသမားတွေရဲ့ အခန်းကဏ္ဍဟာ အရေးတကြီးလိုအပ်နေပြီး ကျွန်တော်တို့ ဒေသမှာ ဘာတွေဖြစ်နေတယ် လူထုတွေရဲ့ လိုလားတောင်းဆိုမှုတွေက ဘာတွေလဲဆိုတာကို အားလုံးသိအောင် လုပ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ ခံယူထားတယ်။
ဒါကြောင့် ကျွန်တော့်အနေနဲ့ အားလုံးနဲ့တိုင်ပင်ပြီး ကြွေးကြော်သံတစ်ခု တင်လိုက်တယ်။ အဲဒီကြွေးကြော်သံကတော့ “I’m Journalist” “သင်တို့ရဲ့ လှုပ်ရှားမှုတွေကို ကမ္ဘာကြီးကို ပြန်ပြောပြဖို့ ကျွန်တော်တို့ အမြဲရှိနေမယ်” ဆိုတဲ့ ကြွေးကြော်သံတစ်ခုကို ကျွန်တော်ရေးသားလိုက်ပြီး အဲဒီ စာသားပါ အင်္ကျီတွေကို ရိုက်နှိပ်လို့ ဒေသတွင်းမှာ အလုပ်ဆက်လက် လုပ်နေကြတဲ့ သတင်းထောက်တွေကို ဝေငှခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ဘယ်သူ့စေခိုင်းချက်အရ လုပ်တာမျိုးမဟုတ်ပဲ မိမိအသိစိတ်နဲ့ ကျွန်တော်တို့ပတ်ဝန်းကျင် ကျွန်တော်တို့ဒေသ ကျွန်တော်တို့တိုင်းပြည်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ကမ္ဘာကြီးကို သိအောင် ပြန်ပြောပြဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ ခံယူထားပြီး ဒီလိုသတင်းတွေကြောင့် ပြည်သူတွေရဲ့အသံကို ကမ္ဘာကြီးက ပိုမိုသိရှိပြီး လက်ရှိဖြစ်ပျက်နေတဲ့ ပြဿနာတွေကို အမြန်ဆုံး ပြေလည်သွားမယ်လို့ ယုံကြည်ထားလို့ပဲဖြစ်တယ်။
နောက်တစ်ခုက ကျွန်တော်တို့ ဒီကနေ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေဟာ နောင်တချိန်မှာ သမိုင်းမှတ်တမ်းတခုခု အနေနဲ့ကျန်ရှိခဲ့မှာဖြစ်ပြီး နောင်အနာဂတ် မျိုးဆက်တွေလက်ထက််အထိ အာဏာရှင်စနစ်ဟာ ဘယ်လောက်ထိ ဆိုးဝါးခဲ့တယ်၊ ရက်စက်ခဲ့တယ်၊ ကြမ်းကြုတ်ခဲ့တယ်ဆိုတာကို သိရှိမှသာ အနာဂတ်မှာအာဏာရှင်မျိုးဆက်တွေ အမြစ်ပြတ်နိုင်မှာဖြစ်တယ်လို့ ယုံကြည်ချက်နဲ့ သတင်းသမား အခန်းကဏ္ဍကနေ အလုပ်တွေဆက်လုပ်ဖြစ်ခဲ့တယ်။ သတင်းထောက်တွေအတွက် တခြားလိုအပ်တဲ့ Press ဦးထုပ်တွေ အကာအကွယ် မျက်မှန်တွေကိုတော့ သတင်းမီဒီယာ အဖွဲ့တချို့က ကျွန်တော်တို့ကို ကူညီပေးခဲ့လို့ ကျွန်တော်တို့ ကျေးဇူးတင်ခဲ့ရပါတယ်။
ကျွန်တော်ဟာ ညီမလေးတစ်ယောက် အကူအညီရယူပြီး နှစ်ယောက်သား စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နေ့စဉ်ဆိုသလို ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းရာတွေကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်တာ သတင်းတွေရေးသားတာတွေကို ပြုလုပ်ခဲ့ကြတယ်။ ကျွန်တော်က သတင်းတင်ဆက်သူဖြစ်ပြီး ညီမလေးဖြစ်သူကတော့ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်နေတဲ့အချိန် ကင်မရာ ရိုက်ကူးပေးသူအနေနဲ့ သတင်းတွေကို ရယူခဲ့ကြတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေ စတင်ပြီး မြိတ်ခရိုင်အတွင်းမှာရှိတဲ့ ပြည်သူတွေဟာ နည်းလမ်းမျိုးစုံနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ၊ ရွေးကောက်ပွဲနည်းလမ်းအရ သူတို့ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်လည်အပ်နှင်းပေးဖို့ အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်လည်လွှတ်ပေးဖို့ကို ငြိမ်းချမ်းစွာနဲ့ တောင်းဆိုခဲ့ကြတယ်။
ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းကနေစပြီး မြိတ်မြို့က လူထုလှုပ်ရှားမှုဦးဆောင်နေတဲ့ ခေါင်းဆောင်တချို့ရဲ့နေအိမ်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ညအချိန်မတော် အင်အားသုံးပြီး အတင်းအဓမ္မ ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေပြုလုပ်လာခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရှာဖွေနေတဲ့ လူထုဦးဆောင်သူတွေကို နေအိမ်တွေမှာ မတွေ့တဲ့အခါမှာတော့ နေအိမ်မှာရှိတဲ့ အသက်မပြည့်သေးတဲ့ သားသမီးငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွား ကြတယ်။ သူတို့ရဲ့လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် အစောပိုင်း ကာလကတည်းက အကြမ်းဖက်သမားတွေရဲ့ လုပ်နည်း လုပ်ဟန်အတိုင်း ပြည်သူတွေအပေါ်မှာ ပြုမူဆောင်ရွက်နေတယ်ဆိုတာကို တွေ့မြင်ရမှာပဲဖြစ်တယ်။ အကြမ်းဖက်စစ်အုပ်စု လက်ပါးစေတွေဟာ ဖေဖော်ဝါရီလ ၂၇ ရက်က နေစပြီး မြိတ်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို သတိပေး လူစုခွဲခိုင်းတာမျိုး အဆင့်ဆင့်မဆောင်ရွက်ဘဲ အကြမ်းဖက်နည်းလမ်းတွေတိုက်ရိုက်သုံးပြီး နှိမ်နှင်းမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ သေနတ်သုံးပစ်ခတ်ပြီး နှိမ်နှင်းခဲ့ကြသလို အဲဒီနေ့မှာပဲ လူပေါင်း ၂၀ ဝန်းကျင်လောက် ဖမ်းဆီးခံခဲ့ရကာ အယောက် ၃၀ ထက်မနည်း ခဲကျည်တွေနဲ့ပစ်ခတ်တာကိုခံခဲ့ရလို့ ဆေးရုံတွေမှာ ခွဲစိတ်ကုသမှုတွေခံခဲ့ရပါတယ်။
အဲဒီလို အကြမ်းဖက်နည်းလမ်းအသုံးပြုပြီး နှိမ်နှင်းလာတဲ့အတွက် မတ်လ ၁ ရက်နေ့မှာတော့ ပြည်သူတွေဟာ လမ်းပေါ်ထွက် အင်အားပြတဲ့နည်းလမ်းမျိုးအသုံးမပြုတော့ဘဲ ပြောက်ကျားနည်းလမ်း အသုံးပြုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဆိုပါနေ့ မနက်ပိုင်းမှာတော့ ကျွန်တော်ဟာ သတင်းရယူနိုင်ဖို့အတွက် ညီမလေး ဖြစ်သူနဲ့အတူ မြိတ်မြို့နယ်အတွင်းမှာ ကားတစ်စီးနဲ့လိုက်လံလှည့်ပတ်ကြည့်ရှုရင်း မြိတ်မြို့ မြို့သစ်ဈေးနား အရောက်မှာ စစ်ကား အများအပြားကင်းလှည့်လာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီစစ်ကားယာဉ်တန်း မြို့တစ်ပတ် ပတ်မောင်းခဲ့ပြီး အဲဒီယာဉ်တန်း မလှမ်းမကမ်းကနေ ကျွန်တော့်ကားက တောက်လျောက် လိုက်လာခဲ့တယ်။ သတင်းသမားရဲ့ အတွေ့အကြုံအရရော မသိစိတ်အရရော မကြာခင်တစ်ခုခု ဖြစ်တော့မယ်ဆိုတာကိုလဲ ကြိုတင်သိရှိနေခဲ့ပြီး ဘေးမှာလိုက်ပါလာတဲ့ ညီမလေးဖြစ်သူကိုတောင် ကြည့်နေ မကြာခင် တစ်ခုခု ထူးလိမ့်မယ်လို့ ပြောပြဖြစ်ခဲ့တယ်။
အဲဒီ စစ်ကားယာဉ်တန်းဟာ မြိတ်မြို့ အင်းလေးမြိုင်မီးပွိုင့်လမ်းဆုံ အရောက်မှာ ပြောက်ကျား ဆန္ဒပြသူတွေနဲ့ထိပ်တိုင်ရင်ဆိုင်ခဲ့ရပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူတွေဟာ စစ်ကားတွေ ပြန်ထွက်လို့မရအောင် လမ်းတွေကို နီးစပ်ရာ ပစ္စည်းတွေယူဆောင်ကာ ပိတ်ဆို့ထားခဲ့ပြီး စစ်ကားပေါ်မှာပါတဲ့ စစ်သားတွေကတော့ ရပ်ကွက်နေပြည်သူတွေ ပိတ်ဆို့ထားတဲ့ လမ်းပိတ်ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူတွေက လမ်းတွေကို အဆင့်ဆင့်ပိတ်ဆို့ထားတဲ့အတွက် စစ်ကားတွေက ပြန်လည်ထွက်ခွာလို့မရတဲ့အခါမှာတော့ ရပ်ကွက်အတွင်းမှာရှိတဲ့ နေအိမ်တွေအတွင်းကို တပ်ဖွဲ့ဝင်တွေက အင်အားသုံးပြီး ဝင်ရောက် ဖျက်ဆီးတာ ရပ်ကွက်နေပြည်သူတွေကို ဖမ်းဆီးတာ ခဲကျည် အသုံးပြုပြီး ပစ်ခတ်ခဲ့တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလို စစ်တပ်ယူနီဖောင်းနဲ့ ရဲတပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ထားတဲ့ သူတွေက ရပ်ကွက်အတွင်း ဝင်ရောက် အကြမ်းဖက်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကျွန်တော်က ညီမလေးဖြစ်သူနဲ့အတူ သတင်းတိုက်ရိုက် ထုတ်လွှင့်မှုတွေ ပြုလုပ်ခဲ့တယ်။ အဲဒီလို တိုက်ရိုက်ထုတ်ခဲ့တဲ့အချိန် တပ်ဖွဲ့ဝင်တွေက နေအိမ် တအိမ်အတွင်းမှာ ရှိနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ မောင်ဖြစ်သူကို ရိုက်နှက်ပြီး ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက် ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်တဲ့အတွက် စစ်ကားပေါ်ကို မခေါ်ဆောင်ဘဲ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ အဲဒီလို အဆိုပါ အမျိုးသမီးရဲ့နေအိမ်ကို တပ်ဖွဲ့ဝင်တွေဝင်ရောက်ခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီနေအိမ်အတွင်းမှာ ရှိတဲ့ ပိုက်ဆံ ကျပ်ငွေ လေးသိန်းအပါအဝင် ဘဏ်ကတ်တွေ ထည့်ထားတဲ့ ပိုက်ဆံအိတ် ပျောက်ဆုံးခဲ့တဲ့ အခြေအနေကို ကာယကံရှင် အမျိုးသမီးကိုမေးမြန်းပြီး တိုက်ရိုက်သတင်းထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ အဲဒီလို မေးမြန်းတင်ဆက်ပြီးတဲ့နောက် စစ်ကားတွေလည်း ရပ်ကွက်အတွင်းက ထွက်ခွာသွားပြီဖြစ်တဲ့အတွက် မိမိတို့ သတင်းရိုက်ကူးမှုအစီအစဉ်ကို ရပ်နားပြီး နေအိမ်ကို ပြန်လာခဲ့ကာဒီနေ့ဖြစ်ပျက်ခဲ့သမျှအခြေအနေတွေကို ခြုံငုံပြီး သတင်းတွေထပ်မံ ထုတ်လွှင့်ခဲ့ပါတယ်။
မတ်လ ၁ ရက် နေ့လယ် ထုတ်လွှင့်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကိုတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့တာ ပိုက်ဆံ လေးသိန်း ယူသွားတာ စတဲ့အကြောင်းအရာဟာ အွန်လိုင်းမှာ ကြည့်ရှုသူအရမ်းကို များပြားနေတဲ့အတွက် သတင်းသွားရောက် ရိုက်ကူးခဲ့တဲ့ မိမိရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး သတင်းကြည့် ပရိသတ်တွေအပြင် မိတ်ဆွေတချို့ကပါ ဆက်သွယ်ပြီးသတိပေးလာကြပါတယ်။ အဲဒီအချိန်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဆန္ဒပြ အင်အားစုတွေကို ဖြိုခွင်းတဲ့နေရာမှာ ငွေကြေးယူဆောင်သွားတယ် ဆိုတဲ့သတင်းက သိပ်ပြီးမရှိသေးတဲ့အတွက် မိမိသတင်းက အဲဒီအချိန်ကာလက သတင်းဦးဖြစ်တာကြောင့် အားလုံးကလည်း စိတ်ဝင်စားကြတာလဲဖြစ်ပါတယ်။ ဒီနေ့လို အချိန်ကာလမျိုးဆိုရင်တော့ မိမိသတင်းဟာ အဲဒီအချိန်ကလောက် စိတ်ဝင်စားမှုရှိကြတော့မှာမဟုတ်ပါဘူး။ အဲဒီလို ဝိုင်းဝန်းသတိပေးခဲ့ကြပေမဲ့ မိမိအနေနဲ့ တခြားနေရာကို မရှောင်တိမ်းဘဲ နေအိမ်မှာပဲ ပုံမှန်အတိုင်းနေခဲ့ပါတယ်။ အခုလို နေခဲ့တာကလည်း အချက် နှစ်ချက်ကြောင့်ဖြစ်ပါတယ်။ တစ်အချက်က မိမိအနေနဲ့ ပြစ်မှုတစုံတရာ ကျူးလွန်ထားတာ မရှိတဲ့အပြင် သတင်းသမား အလုပ်ကို သတင်းသမားတယောက် အနေနဲ့ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မိမိလုပ်ရပ်တွေအတွက် မိမိကိုယ်မိမိတာဝန်ယူ တာဝန်ခံနိုင်ပြီး ဖြစ်လာသမျှ အခြေအနေတွေကို ရဲရဲရင်ဆိုင်မယ်လို ဆုံးဖြတ်ပြီးမှသာ အခုလို သတင်းတွေကို တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ တစ်ချက်က နေအိမ်မှာရှိတဲ့ မိသားစုဝင်တွေရဲ့ ကိစ္စဖြစ်ပါတယ်။ သူတို့ လာရောက်ဖမ်းဆီးတဲ့အချိန် ကျွန်တော့်ကို မတွေ့ရင် ကျွန်တော့်မိသားစုဝင်တွေဖြစ်တဲ့ ၂ နှစ်မပြည့်သေးတဲ့ သမီးငယ်ဖြစ်သူ ဇနီးဖြစ်သူနဲ့ အတူနေထိုင်တဲ့ ညီမဖြစ်သူတို့ကို ဘယ်လိုတွေများ ဒုက္ခပေးကြမလဲဆိုတဲ့ စိုးရိမ်စိတ်က ရှိနေပြန်ပါသေးတယ်။ သေချာတာတစ်ခုကတော့ အရှေ့ပိုင်းမှာ သူတို့ပြုမူနေကျအတိုင်းဖြစ်တဲ့ အဖေမရှိရင် သမီးဖြစ်သူဖမ်း၊ သားဖြစ်သူကိုဖမ်းဆိုတဲ့ ကိစ္စကလည်း လက်တွေ့မှာရှိနေတော့ မိမိအနေနဲ့ အရာအားလုံးကို ရင်ဆိုင်ဖို့ ဘယ်မှ မရှောင်တိမ်းပဲ နေအိမ်မှာသာ ရှိနေခဲ့ပါတယ်။ တကယ်လို့များ မိမိကို လာရောက်ဖမ်းဆီးခဲ့ရင် ဘယ်လိုတွေ ဖြေရှင်းဆောင်ရွက်မလဲဆိုတာကို ခေါင်းထဲမှာလည်း တန်းစီပြီး အဖြေထုတ်ထားပြီးသားဖြစ်ပါတယ်။
မတ်လ ၁ ရက် ညပိုင်း ၁၀ နာရီဝန်းကျင်လောက်ရောက်တဲ့အခါမှာတော့ အခြေအနေတွေက ခါတိုင်းနဲ့ မတူပဲ ထူးခြားနေတာကိုတွေ့ရပါတယ်။ အဲဒီကာလက ည ၈ နာရီကျော်ရင် ညမထွက်ရအမိန့်ထုတ်ထားတာကြောင့် လမ်းပေါ်မှာ လူသူကင်းမဲ့နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကလည်း တိတ်ဆိတ်နေပါတယ်။ အရင်ညတွေက အခုလိုအချိန်ဆိုရင် ကျွန်တော့်အိမ်ရှေ့ လမ်းမကြီးပေါ်ကနေ စစ်ကားယာဉ်တန်းတွေ အများအပြား ကင်းလှည့်ပြီး သွားတာကို တွေ့မြင်ရရင် ကျွန်တော်အပါအဝင် အနီးပတ်ဝန်းကျင်အိမ်တွေက ထွက်ချောင်းကြသလို ကျွန်တော်ကလည်း သတင်းမှာ အသုံးပြုလို့ရနိုင်အောင်လို့ နေအိမ်အပေါ်ထပ် ဝရန်တာကနေ မှတ်တမ်း Movie တွေကို ထွက်ပြီး ရိုက်တတ်ပါတယ်။ အဲဒီနေ့ညမှာတော့ တီအီး စစ်ကား တစ်စီးတည်းသာ နေအိမ်ရှေ့ကနေ ဖြတ်သွားတာကို တွေ့ရပြီး အဲဒီကားပေါ်မှာတော့ စစ်သားတွေအပြည့် ဘေးခုံတန်းကိုခေါက်တင်ထားပြီး အထဲမှာ စစ်သားတွေ အပြည့် ထိုင်လိုက်သွားတာကိုတွေ့လိုက်ရတော့ စိတ်ထဲ တစ်ခုခုတော့ထူးပြီဆိုပြီး သိလိုက်ရတယ်။ နောက်မှသိရတာက အဲဒီကားပေါ်မှာပါတဲ့ စစ်သားတွေက ကျွန်တော်အိမ်ကို ဝင်မစီးခင်အချိန်မှာ ကျွန်တော်နေတဲ့အိမ် အနီးနားမှာရှိတဲ့ ရပ်ကွက် မီးသတ်စခန်းတွေကို ကြိုတင်သွားဝိုင်းထားပြီး ကျွန်တော့်ကို လာဖမ်းချိန် လာမကူနိုင်အောင် သေနတ်နဲ့ ချိန်ထားတယ်လို့ပြန်သိခဲ့ရတယ်။
အဲဒီလို စစ်ကားတစ်စီးဖြတ်သွားပြီးလို့ နောက်ထပ် ၁၅ မိနစ်လောက်ကြာတော့ တိတ်ဆိတ်နေတဲ့လမ်းပေါ်မှာ ကားသံတွေ ထပ်မံ ကြားလိုက်ရတယ်။ ကျွန်တော်လည်း အပေါ်ထပ်ကနေ လှမ်းကြည့်တော့ စစ်သားတွေတင်ဆောင်လာတဲ့ တီအီးကား ၄-၅ စီးလောက်နဲ့ ရဲကား ၄ စီးလောက်ကို နေအိမ်အပေါ်ထပ်ကနေ လှမ်းမြင်လိုက်ရတယ်။ အဲဒီယာဉ်တန်းက ကျွန်တော့် အိမ်ရှေ့မှာ ကားတွေအားလုံး ထိုးရပ်လိုက်ပြီး ကားပေါ်ကနေ စစ်တပ်ဝတ်စုံအပြင် ရဲဝတ်စုံဝတ်ဆင်ထားတဲ့သူတွေ အများအပြားဆင်းလာတာကိုတွေ့ရရချင်းပဲ ကျွန်တော် သိလိုက်ပြီ ကျွန်တော့်ကို လာခေါ်ပြီဆိုတာကို။ အဲဒီအချိန်မှာပဲ ကျွန်တော်က နေအိမ်အခန်းထဲမှာရှိတဲ့ ကျွန်တော့်ဇနီးဖြစ်သူကို အိပ်ခန်းထဲမှာရှိတဲ့ ကျွန်တော့်ဖုန်းယူလာခဲ့ဖို့ပြောရင်း အပြင်မထွက်နဲ့ သမီးလေး အနားမှာနေဆိုပြီး လှမ်းမှာလိုက်တယ်။ သမီးလေးက အခုမှ ၂ နှစ်တောင် မပြည့်သေးဘူးလေ သူ့ကိုထိခိုက်သွားလို့မဖြစ်ဘူး ပြီးတော့ သူက အဲဒီလိုဖြစ်တဲ့အချိန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ အပြင်က ပဋိပက္ခတွေကြောင့် သမီးလေး လန့်ပြီးနိုးသွားမှာလည်း စိုးရိမ်နေမိတယ်။ တစ်အိမ်လုံးမှာမှ ယောက်ျားလေးဆိုလို့ ကျွန်တော်တစ်ယောက်တည်း ဒါကြောင့် ဒီလူတွေ ဘာမှမဖြစ်အောင် ကာကွယ်ရမှာလဲ ကျွန်တော့်တာဝန်ပဲဖြစ်တယ်။
ကျွန်တော် ကြိုတွေးထားတဲ့အတိုင်း မခေါ်ပဲရောက်လာတဲ့ ဧည့်သည်တွေကတော့ ကျွန်တော့်အိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါပြီ။
(ဆက်ရန်)
အောင်ကျော်