သုတေသန အယ်ဒီတာ ကိုအောင်မျိုးထက်ကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် မှတ်လိုက်တဲ့အပေါ် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar)က ကန့်ကွက်လိုက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar)ရဲ့ သုတေသန အယ်ဒီတာ ကိုအောင်မျိုးထက်ကို နိုဝင်ဘာ ၃၀ ရက်က ရွှေဘိုထောင်တွင်းမှာ ပြုလုပ်တဲ့ ကန့်ဘလူမြို့နယ်တရားရုံးကနေ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာပါ။
ဒါကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ ISP Myanmar က ကြေညာချက်ထုတ်ပြန်ထားပြီး ကိုအောင်မျိုးထက်ဟာ သူ့ရဲ့ ဇာတိ ကန့်ဘလူမြို့မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းသွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စာနယ်ဇင်းသမားအဖြစ်လုပ်ကိုင်ဖူးသူ ကိုအောင်မျိုးထက်ကို ဖမ်းဆီးချိန်မှာ သတင်းထောက်လို့ ယူဆတာ၊ DVB နဲ့ Mizzima သတင်းဌာနတို့ကို သတင်းတွေပေးပို့နေတယ်လို့ ယူဆတာတွေကြောင့် စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သိရတယ်လို့လည်း ဆိုပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ခံနေရချိန်မှာ ကိုအောင်မျိုးထက်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ကင်းမဲ့နေတာကို ထပ်ပြီးပြတဲ့ သာဓက တခုဖြစ်ပြီး ဒီအမိန့်ကို ပြန်ပြင်ဆင်ဖို့လည်း ISP Myanmar က တောင်းဆိုပါတယ်။
ကိုအောင်မျိုးထက်ဟာ The Voice ၊ တနင်္သာရီဂျာနယ်တို့မှာ သတင်းသမားအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး သူ့ကို စစ်တပ်က ထောင်ဒဏ်ချမှတ်တာကို ကန့်ကွက်ကြောင်းနဲ့ သတင်းသမား အားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ Myanmar Press Freedom In-Depth (MPFI-D) အဖွဲ့ကလည်း သတင်းထုတ်ပြန်တောင်းဆိုထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှာ သတင်းသမား ၁၁၆ ယောက် ဖမ်းဆီးခံရပြီး ၃၇ ယောက်ကို လက်ရှိအချိန်ထိ ဖမ်းဆီးထားဆဲဖြစ်ကာ ဒီထဲက ၂ ယောက်ကိုတော့ ထောင်ဒဏ်ချမှတ်ထားပါတယ်။
ဖမ်းဆီးထားတဲ့ သတင်းသမားတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ စွဲဆိုထားတဲ့ အမှုတွေကိုလည်း ရုပ်သိမ်းပေးဖို့ ISP Myanmar က တောင်းဆိုပါတယ်။
ISP Myanmar ဟာ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတခုဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရှင်သန်အား ကောင်းရေးအတွက် ၂၀၁၆ ခုနှစ်ကစလို့ လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
Photo Credit- MPFI-D