စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ အ.ထ.က ၁ မှာ ဒီဇင်ဘာလ ၁ ရက် မနက်ပိုင်းက စစ်ကောင်စီ စစ်တပ်ဖွဲ့ တပ်စွဲထားတဲ့ အထက်တန်းကျောင်း အဝင်ဝကင်းတဲ မိုင်းကွဲတာကြောင့် စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အ.ထ.က (၁) ထဲ တပ်စွဲတာ သုံးရက်ရှိပြီ။ စစ်အင်အား ၃၀ လောက်တော့ရှိတယ်။ ဒီနေ့ မနက်ပိုင်းပေါက်ကွဲတော့ လူနာတင်ယာဉ်တွေနဲ့သွားပြီး သယ်နေတာတွေ့ရတယ်။ တော်တော်များများ ထိခိုက်လောက်တယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အခုပြောက်ကျားတိုက်ခိုက်မှုကို TaZe Tiger အဖွဲ့ကပြုလုပ်တာဖြစ်ပြီး ၄ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဆိုပါမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စသ်ကောင်စီတပ်သားတွေဟာ ရမ်းသမ်းပစ်ခတ်တာ တွေ ပြုလုပ်ပြီး ကျောင်းရှေ့က သီရိကန်ဈေးတန်းကိုလည်း ပိတ်ခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တန့်ဆည်မြို့မှာ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း မြို့နယ်တရားရုံးအနီး ဗုံးပေါက်ကွဲခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။