ရေစကြိုမြို့ ဆင်ချောင်းကျေးရွာမှာ ဒလန်သတင်းပေးမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆင်ချောင်းကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ကိုမောင်ဇော်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၁၀ ဦး ဝန်းကျင်နဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ ည ၁၁ နာရီခွဲလောက်က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။
နေအိမ်အတွင်းမှာ မွှေနှောက်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး လက်နက်တစ်စုံတရာ မတွေ့ရှိပေမယ့် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“ဒလန်က မဟုတ်မမှန်သတင်းပေးလိုက်တာပါ။ အခု အဖမ်းခံရတဲ့လူက ရွာမှာ အေးအေးဆေးဆေးပဲ သူ့ဘာသာသူနေတာ၊ လက်နက်စုဆောင်းတာလိုလို PDF ကလိုလိုနဲ့ သတင်းပေးလို့ အိမ်ထဲ ဝင်မွှေနှောက်ရှာပြီး ဖမ်းသွားတယ်။ ည ၁၁ နာရီခွဲလောက်က ဖမ်းသွားတာ။ လူတွေ အိပ်ချိန်ကို သေချာစောင့်ပြီး ရှိလောက်မယ့်အချိန်ကို ဖမ်းပုံရတယ်။ ဘာမှမတွေ့လည်း ဖမ်းခေါ်သွားတာပဲ။ အပြစ်မရှိမှန်းသိရင် ပြန်လွှတ်ပေးစေချင်တာပေါ့။ အခုဟာက အပြစ်ရှိလည်းဖမ်း မရှိလည်းဖမ်းသလိုဖြစ်နေတယ်”လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
ဆင်းချောင်းကျေးရွာက စစ်ကောင်စီခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးဟာလည်း နုတ်ထွက်ထားပြီး ဖြစ်ပေမယ့်လည်း စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင်တွေက ဆင်ချောင်းနဲ့ ပခန်းကြီးကျေးရွာတွေကို မကြာခဏကင်းလှည့်ပတ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း ဆင်ချောင်ကျေးရွာမှာနေထိုင်တဲ့ CDM ကျောင်းဆရာ ၃ ဦးကို လည်း ဖမ်းဆီးခေါ်ဆောင်သွားပါသေးတယ်။