မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး - ပြင်ဦးလွင် အဆင်းလမ်းဘေးရှိ ကျောက်မီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာ ၃၀ ရက် မနက် ၁၁ နာရီဝန်းကျင်က သေနတ်နဲ့ ဆက်တိုက်ပစ်ခံခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ကျောက်မီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေနဲ့ လုံခြုံရေးတာဝန်ကျတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်ကြပ်တယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“သေနတ်သံက ဆယ်ချက်ကျော်လောက် ကြားလိုက်ရတယ်။ အုပ်ချုပ်ရေးမှူးရုံးမှာက တပ်စွဲထားတဲ့ အနေအထား၊ ရုံးနဲ့ မျက်နှာချင်းဆိုင်မှာ လမ်းလယ်ဘုရားရှိတယ်။ အဲ့ဒီမှာ စစ်ဆေးတာတွေ ဒီရက်ပိုင်းလုပ်တာတွေ့ရတယ်။” လို ကျောက်မီးကျေးရွာ ဒေသခံတစ်ဦး က ပြောပါတယ်။
ဒီမနက် ၈ နာရီဝန်းကျင်ကလည်း မန္တလေးမြို့အဝင် ပုသိမ်ကြီးမြို့နယ် သန့်စင်ကုန်းရွာ ထိပ်အနီး မန္တလေး - ပြင်ဦးလွင် အဆင်းလမ်းဘက်မှာ ဗုံး ၃ လုံး ဆင့်ပေါက်ခဲ့ပါတယ်။
ဒီလို ပစ်ခတ်မှုတွေ၊ ဗုံးကွဲမှုတွေဖြစ်တာကြောင့် မန္တလေး - ပြင်ဦးလွင်လမ်း ကျောက်မီးရွာနဲ့ အောင်သာယာရပ်ကွက် ကြားမှာ အင်အားအများအပြားနဲ့ ရှာဖွေစစ်ဆေးတာတွေ လုပ်နေခဲ့တယ်လို့ သိရပါတယ်။