သီရိလင်္ကာနဲ့ မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ်အရ မြန်မာနိုင်ငံကနေ ဆန် မက်ထရစ် တန် ၂၀,၀၀၀ တင်သွင်းဖို့ သီရိလင်္ကာအစိုးရက အတည်ပြုခဲ့ပါတယ်။
မကြာသေးမီက ပြုလုပ်တဲ့ အပတ်စဉ် သီရိလင်္ကာအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲ့ဒီဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံအတွင်း ပြတ်လပ်မှုမရှိပဲ လုံလောက်တဲ့ အရန်ဆန်တွေ သိုလှောင်ထားနိုင်စေဖို့နဲ့ လုံခြုံစိတ်ချရတဲ့ ဆန်သိုလှောင်မှုကို ထိန်းသိမ်းထားနိုင်စေဖို့အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုချက် ရယူခဲ့တယ်လို့ ဆိုပါတယ်။
သီရိလင်္ကာ ကုန်သွယ်ရေးဝန်ကြီးရဲ့ အဆိုပြုချက်မှာ နှစ်နိုင်ငံ သဘောတူညီချက်အရ သီရိလင်္ကာနိုင်ငံတော်ကုန်သွယ်မှု (အထွေထွေ) ကော်ပိုရေးရှင်းမှတဆင့် ဆန် မက်ထရစ်တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၆၀ တန်ဖိုးရှိကြောင်း သိရပါတယ်။