စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မကောင်းကြောင်း ဝါဒဖြန့် ခြိမ်းခြောက်ထားတဲ့ လက်ကမ်းစာစောင်တွေကို နိုဝင်ဘာ ၃၀ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီလောက် လေယာဉ်ပေါ်ကနေ ဖြန့်ဝေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေယာဉ်နှစ်စီး မုံရွာဘက်ကနေလာပြီး ကျနော်တို့ ကနီမြို့နယ်ထဲက ယင်းကျေးရွာ အရှေ့ဘက်မှာ လေယာဉ်ပေါ်ကနေ PDF၊ CRPH မကောင်းကြောင်းဝါဒဖြန့်တဲ့ လက်ကမ်းစာစောင်တွေနဲ့ စစ်တပ်ဘက်ကို ပူးပေါင်းပေးဖို့၊ မပူးပေါင်းပါက ရွာကိုမီးရှို့တာတွေ လုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ လေယာဉ်ပေါ်ကနေ ကြဲသွားတယ်။ ကျနော်ကတော့ CRPHမ မကောင်းကြောင်း လက်ကမ်းစာစောင်ပဲ ရလိုက်တယ်။ တခြားသူတွေကတော့ ခြိမ်းခြောက်စာရတဲ့သူတွေလည်းရှိတယ်။ ကျနော်တို့ဒေသခံတွေကတော့ သူတို့ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်တွေကို ကြည့်ပြီးရယ်တဲ့သူက ရယ်တယ်၊ ဆုတ်ဖြဲသူက ဖြဲကြတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ရေဦး NLD လွှတ်တော်အမတ် ဦးမြင့်ထွေး၊ ဒေါက်တာနိုင်အောင်၊ ကနီ NLD လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်တို့က အကြမ်းဖက်တာတွေ လုပ်ဆောင်နေတယ်ဆိုပြီး ဝါဒါဖြန့်ဝေထားတာတွေလည်း ပါရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။