အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင် ၇၇ နှစ်ဟာ ဒီနေ့မနက် ၆ နာရီခွဲလောက်က နှလုံးသွေးကြောပိတ်ရောဂါနဲ့ နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။
ဇနီးဖြစ်သူ ဒေါ်ကေသွယ်မိုးက “ ၂၀ ရက်တည်းက နှလုံးသွေးကြောပိတ်သွားတာ။ ရေဝေးမှာ ၃ ရက်ထားပြီး သင်္ဂြိုဟ်မယ်။ အခု သက်ပျောက်ဆွမ်းကပ်နေပြီ” လို့ ပြောပါတယ်။
မုံရွာအောင်ရှင်ဟာ ရန်ကုန်မြို့ တာမွေမြို့နယ် မလွှကုန်းက နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နှလုံးသွေးကြောပိတ်ရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့သေးတယ်လို့ သိရပါတယ်။
အန်အယ်လ်ဒီပါတီဝင်တစ်ဦးက “နေအိမ်မှာပဲ နှလုံးရောဂါနဲ့ဆုံးသွားတာပါ။ ချို့တဲ့မှုနဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရတာ၊ တဖက်ကလည်း နိုင်ငံရေးစိတ် မသက်မသာဖြစ်မှုတွေကြောင့်လည်း ပါပါတယ်” လို့ ပြောပါတယ်။
မုံရွာအောင်ရှင်ဟာ စစ်တပ်က နိုင်ငံအာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်ဆီးခံရပြီး အောက်ဆိုဘာ ၁၈ ရက်မှာ ပြန်လွတ်လာတာပါ။
ကဗျာဆရာတဦးလည်းဖြစ်တဲ့ မုံရွာအောင်ရှင်ဟာ အန်အယ်လ်ဒီက ထုတ်ဝေတဲ့ ဒီလှိုင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ်လည်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရက်စွဲသမိုင်း မှတ်တမ်းစာအုပ် ၁၉၈၈ - ၂၀၁၀ ကိုလည်း နှစ်ပေါင်းများစွာ ပြုစုရေးသားခဲ့သူဖြစ်ပါတယ်။
မုံရွာအောင်ရှင်ရဲ့ နာရေးကို မုံရွာမြို့မှာရှိတဲ့သားသမီးတွေကို စောင့်ဆိုင်းဖို့ရှိတာကြောင့် ၃ ရက်လောက်ထားပြီးမှဆောင်ရွက်သွားမယ်လို့ သိရပါတယ်။