Home
မြန်မာသတင်း
သံတောင် ၁၁ မိုင်အနီး စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
November 26, 2021
259670349_984153842444889_5162872644908062537_n

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့၊ ပျားစခန်းလမ်း ၁၁ မိုင်ကုန်းအဆင်းမှာ နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီရဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ယာဥ်တစ်စီး လမ်းဘေးထိုးကျပြီး တိမ်းမှောက်ခဲ့သလို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

သံတောင်ကြီးမြို့ ၁၃ မိုင်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဥ် ၁၀ စီးပါ ယာဥ်တန်းဟာ ၁၁ မိုင်ကုန်းဆင်းအနီးမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မျက်မြင်တွေ့ရှိသူတစ်ဦးက “၁၃ မိုင်ကနေ ဆင်းလာတဲ့ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရတာ။ ၁၀ မိနစ်လောက် နှစ်ဖက်ပစ်ခတ်မှုတွေပါ ဖြစ်တယ်။ မိုင်းဆွဲလို့ ကားတစ်စီး လမ်းဘေးထိုးကျပြီး မှောက်သွားတယ်။ ဘယ်အဖွဲ့အစည်းဆိုနဲ့ဖြစ်တာလည်း မသိဘူး။ ထိခိုက်ဒဏ်ရာကတော့ ဘယ်နှယောက်ဆိုတာ သေချာတော့ မသိဘူး။ ၁ နာရီလောက်ကြာမှ ပြန်ဆင်းသွားတယ်” လို့ ပြောတယ်။ 

အဆိုပါယာဥ်တန်းဟာ ဘောဂလီလမ်းအတိုင်းထွက်ခွာလာရာ သစ်စေးတောင်အနီး ကွမ်းသီးခြံကနေ ဆိုင်ကယ်နဲ့ကွမ်းသီး သယ်လာတဲ့လူငယ်တစ်ဦးကို ကားနဲ့ဝင်တိုက်ခဲ့တဲ့အတွက် ဆိုင်ကယ်တိမ်မှောက်ပြီး သေဆုံးခဲ့တယ်လို့  ဒေသခံတွေက ဆိုပါတယ်။

နိုဝင်ဘာ ၂၄  ရက်ညကလည်း စစ်ကောင်စီတပ်နဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့တို့ ဘောဂလီလမ်း ချောင်းနှစ်ခွကျေးရွာနဲ့ ဥသျှစ်ကုန်းကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ချောင်းနှစ်ခွာကျေးရွာအတွင်း ဝင်ရောက်ပြီး စစ်ဆေးမေးမြန်းတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ချောင်းနှစ်ခွကျေးရွာသားတစ်ဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ၃ ဦးသေ၊ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့  စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024