မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၆၈ လမ်းနဲ့ လမ်း ၇၀ ကြားရှိ ရုံးပေါင်းစုံဝင်းအတွင်း နိုဝင်ဘာ ၂၅ ရက် ဒီနေ့ နေ့လယ် ၁ နာရီကျော်လောက်က ဗုံးပေါက်ကွဲပြီး မန္တလေးခရိုင် စစ်ကောင်စီ အဖွဲ့ဝင် တယောက် ဒဏ်ရာရသွားပါတယ်။
ရုံးပေါင်းစုံဝင်းအတွင်းက တိုင်းတရားရုံး၊ ခရိုင်ထွေအုပ်ရုံးနဲ့ တိုင်းစာရင်းစစ်ရုံးအကြား အများသုံးသန့်စင်ခန်းအနီးမှာ ရပ်ထားတဲ့ ဗုံးတပ်ထားတဲ့ ဆိုင်ကယ် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
ဗုံးပေါက်ကွဲစဉ်က ရုံးပေါင်းစုံအပြင်ဘက်မှာ ရှိနေသူတစ်ဦးက “ပေါက်ကွဲသံကတော့ တော်တော်ကျယ်ကျယ်ကြားလိုက်ရတယ်။ ထိခိုက်ဒဏ်ရာရတာရှိနိုင်တယ်။ ယူနီဖောင်းနဲ့ လူနှစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့လည်း ပြောနေတယ်။ တိတိကျကျတော့ မသိရဘူး။” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် မန္တလေးခရိုင် စစ်ကောင်စီ အဖွဲ့ဝင် ဦးလှကြွယ်နဲ့ အနီးအနားရှိ ရှေ့နေ တယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပေါက်ကွဲမှုကြောင့် အဆောက်အဦနဲ့ မော်တော်ယာဉ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။