စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာအတွင်း ဒလန်ရှင်းလင်းဖို့သွားတဲ့ ဒေသခံပြောက်ကျားတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာလ ၂၂ ရက် မနက်ပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံးနဲ့ ကွမ်းယာဆိုင်တစ်ဆိုင်ကို အကြမ်းဖက်စစ်တပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနက် ၁၀ နာရီကျော်လောက်က နောင်ကြီးအိုင်လမ်းပေါ်က ကမ္ဘာ့ရွာကဖေးအနီးမှာ စ ပြီးပစ်ခတ်ကြတာ။ လမ်းတလျှောက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး IT Mobile ဆိုင်နားထိပဲ။ ကြောက်လို့ပုန်းနေတဲ့ သားမိနှစ်ယောက်နဲ့ ၅ နှစ်အရွယ်ကလေးတစ်ယောက်ကို စစ်တပ်က ဓားစာခံခေါ်ထားတယ်။ ခဏကြာတော့ ကွမ်းယာဆိုင်တစ်ဆိုင်နဲ့ ရွာခံနေအိမ်နှစ်လုံးကို မီးရှို့လိုက်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်က ကျန်ရစ်ခဲ့တဲ့ ဆိုင်ကယ်တွေထဲက ကောင်းတဲ့ ၃ စီးကိုယူသွားပြီး ၁၀ စီးကျော်ကို မီးရှို့ထားခဲ့ကာ ခရီးသွားပြည်သူတစ်ဦးလည်း ခြေထောက်ကို ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနက် ၁၁ နာရီကျော်လောက် ဓားစာခံ ၃ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး စစ်သတင်းပေးလင်မယားကိုခေါ်ကာ နောင်ကြီးအိုင်ရဲစခန်းအတွင်း ပြန်ဝင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။