စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နိုဝင်ဘာ ၁၇ ရက် ရက်စွဲနဲ့ ကျောက်မြောင်း-စဉ့်ကူး ရတနာသိင်္ခမြစ်ကူးတံတားဖြတ်သန်းတဲ့ ယာဉ်ပေါ်ပါ ခရီးသွားတွေ တံတားပေါ်လမ်းဆင်းလျှောက်ဖို့အပါအဝင် ဒေသန္တရအမိန့်တွေ ထုတ်လိုက်ပါတယ်။
ရတနာသိင်္ခတံတားပေါ်ကူးသန်းတဲ့ ယာဉ်ပေါ်ပါ ခရီးသည်မှန်သမျှ လမ်းဆင်းလျှောက်ဖို့နဲ့ တံတားပေါ်ယာဉ် မရပ်နားဖို့၊ ရွှေဘိုမြို့နယ် မအူပင်ကျေးရွာနဲ့ ဒီပဲယင်းမြို့နယ်တွေက ကျေးရွာတွေကို ကူးသန်းနေတဲ့ မူးမြစ်ကူး ကူးတို့စက်လှေတွေလည်း လူအကြိုအပို့ မလုပ်ဖို့ဆိုပြီး စစ်ကောင်စီက တားမြစ်ချက်တွေ ထုတ်ပြန်လိုက်တာပါ။
ဒါ့အပြင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်မပါဘဲ နယ်မြေကျော်လွန် ခရီးမသွားလာဖို့၊ ရွှေဘိုမြို့ရှောင်လမ်းပေါ်ကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဘယ်ယာဉ်မှ မသွားလာဖို့၊ ဆိုင်ကယ်စီးနင်းရာမှာလည်း ထုတ်ပြန်ထားချက်အတိုင်း လိုက်နာကြဖို့၊ ယာဉ်မောင်းနှင်ရာမှာလည်း မှန်ချ မမောင်းဖို့နဲ့ အလံဖြူမထောင်ဖို့လည်း ဖော်ပြထားပါတယ်။
အထက်ပါတားမြစ်ချက်တွေဟာ ပြည်သူလူထုနဲ့အကြမ်းဖက် PDF ကွဲပြားမှုရှိစေရေးအတွက် ထုတ်ပြန်ရတာလို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ပြီး အစိုးရ ယန္တရားလည်ပတ်နိုင်ရေး ကြိုးစားလာတာလည်း ဖြစ်ပါတယ်။