မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း၊ ရေငံရွာမှာ လေးတန်းကျောင်းသား တစ်ဦးအပါအဝင် ရွာသား ၁၂ ဦးကို အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၂၁ ရက် မနက် ၆ နာရီကျော်လောက် ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက စာရင်းအတိအကျနဲ့ တစ်အိမ်တက်ဆင်း ဝင်ရောက်ဖမ်းဆီးသွားတာလို့ ကျေးရွာသားတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကိုကျော်သူ ဆိုတဲ့ ကားသမားအိမ်ကို အရင်ဝင်ဖမ်းတယ်။ အဲဒီကနေတဆင့် ရွာထဲ တယောက်ပြီး တယောက် ဝင်ဖမ်းတာပဲ။ အမှန်တော့ ကျနော်တို့ရွာက ခေတ်စကားနဲ့ ပြောရရင်တော့ ဒလန်ပေါ့။ ဒီတိုင်းပြောရရင်တော့ အစိမ်းတွေပေါ့၊ အစိမ်းတွေက အနီတွေကို တိုင်တဲ့ သဘောပါပဲ။”
ကျေးရွာသားတွေကို ဖမ်းဆီးတဲ့အပြင် ဖမ်းဆီးခံရသူတစ်ဦး နေအိမ်ခြံဝင်းအတွင်းမှာ ရပ်ထားတဲ့ ခရီးသည်တင် ကားတစ်စီးနဲ့ လမ်းမှာ ရပ်ထားတဲ့ ဟိုင်းလပ်တံဆိပ်ပါ လူစီးကားတစ်စီးကိုလည်း စစ်ကောင်စီတပ်တွေက ယူဆောင်သွားကြောင်း၊ ဒါ့အပြင် ဝင်ရောက်ဖမ်းဆီးခံရသူတစ်ဦးရဲ့ နေအိမ်မှာ လူမရှိတာကြောင့် ပစ္စည်းတွေမွှေနှောက်ရှာဖွေပြီး ငွေ ၁၀ သိန်းကျော်ကိုလည်း ယူဆောင်သွားတယ်လို့ ဖြစ်စဉ်အနီးနေသူ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
“ကားတစ်စီးက တာချီလိတ်-ကျောက်ပန်းတောင်း ဆွဲတဲ့ကားပေါ့။ အဲဒါကို ယူသွားတာ။ ပြီးတော့ အဲဒီအိမ်ကို မီးရှို့ပစ်ကွာလို့လည်း ပြောတယ်။ ဒါပေမဲ့ ရှို့တော့ မရှို့သွားဘူး။”
ဖမ်းဆီးခံရသူတွေဟာ ရွေးကောက်ပွဲကာလက NLD ပါတီစည်းရုံးရေး ခရီးစဉ်တွေမှာ ပါဝင်ခဲ့ဖူးပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပုံမှန်အတိုင်းနေထိုင်သူတွေ ဖြစ်တယ်လို့ အဲဒီကျေးရွာသားက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကိုနိုင်ထူး၊ ကိုမောင်မောင်၊ ကိုကျော်ဆန်းလင်း၊ ကိုအေးကို၊ ကိုဇော်၊ ကိုခင်မောင်သိန်း၊ ကိုဘိုအောင်၊ ကိုကျော်သူ၊ ကိုဇော်ဌေး၊ ကိုလင်းလင်း၊ မောင်နေလင်းနဲ့ ကိုထွန်းထွန်းနိုင်(ခ)ဂျပ်ပြားတို့ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
ဖမ်းဆီးခံသူတွေအားလုံးဟာ အသက် ၂၀ ကျော်ကနေ ၃၀ ကျော် အမျိုးသားအများစုဖြစ်ပြီး ခရီးသည်တင်ကားမောင်းသူ၊ ကျောင်းဆရာတို့ ပါဝင်ကာ မောင်နေလင်းက လေးတန်းကျောင်းသားဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
ရေငံရွာဟာ ကျောက်ပန်းတောင်းမြို့နယ်အတွင်းက အိမ်ခြေ ၂၈၀ ကျော်ရှိတဲ့ ကျေးရွာကြီးတစ်ရွာလည်း ဖြစ်ပါတယ်။