သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲရေလယ်ဘုရားဖူးဖို့ နိုဝင်ဘာ ၂၁ ရက် မနက် ၇ နာရီလောက်က ဘုရားဖူး ၅၀ ဝန်းကျင် ရေထဲကနေ ဖြတ်ကူးချိန် ရုတ်တရက်ပင်လယ်ရေတက်လာပြီး ရေထဲ မျောပါသွားကြကာ ဒီနေ့ညနေအထိ ၁၅ လောင်း ဆယ်ယူရရှိထားပြီလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အံခဲကျေးရွာနဲ့ ဝဲကလောင်းကျေးရွာကြား ပင်လယ်ကမ်းခြေ နှစ်မိုင်ခန့်အကွာလောက်ရှိတဲ့ ရေလယ်ဘုရားကို သွားရောက် ဖူးမြော်ကြရာက ရေနစ်သေဆုံး ပျောက်ဆုံးနေကြတာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတစ်ဦးက “ဘုရားဖူးတွေကို ရေတက်နေပြီဖြစ်လို့ ခေတ္တစောင့်စောင်းပြီးမှ သွားကြဖို့ ပြောတာ နားမထောင်ကြဘူး။ ရင်ဘတ်လောက် ရေကိုဖြတ်ပြီး ဘုရားကို သွားဖူးရာမှ လှိုင်းပုတ်ဒဏ်ကြောင့် လူအယောက် ၅၀ လောက် ရေနက်ရာဘက် လွင့်စင် ရေနစ်ကြတာ” လို့ ပြောပါတယ်။
ဒီနေ့ညနေအထိ သံဃာတစ်ပါး ၁ ပါး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၅ လောင်း ဆယ်ယူရရှိထားပြီး ပျောက်ဆုံးနေသူ ၃၀ ကျော်ကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။
ကျိုက်နဲရေလယ်ဘုရားကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့ညမှ လပြည့်ကျော် ၃ ရက်နေ့ထိ ဘုရားပွဲကျင်းလေ့ရှိပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာရောက်ကြပါတယ်။
သေဆုံးသူတွေထဲမှာ ပဲခူးတိုင်း ဝေါမြို့နယ်နေ သံဃာ ၁ပါးနဲ့အမျိုးသမီး ၆ ဦး ၊ မွန်ပြည်နယ် မော်လမြို့မြို့နယ်က အမျိုးသား ၁ ဦး ၊မုတ္တမ ၊သထုံ ၊ရေး ၊မုဒုံမြို့နယ်တွေက အမျိုးသမီး ၁ ဦးစီ ၊ ကရင်ပြည်နယ် မြဝတီနဲ့ကြာအင်းဆိပ်ကြီး မြို့နယ်တွေက အမျိုးသမီး ၁ ဦးစီနဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က အမျိုးသား ၁ ဦးတို့ ပါဝင်ပါတယ်။