Home
မြန်မာသတင်း
ပျောက်ဆုံးဘုရားဖူးများ အမြန်ဆုံးပြန်တွေ့နိုင်စေရန် NUG ဆုတောင်းပေး
DVB
·
November 21, 2021
501763-0000000000-6-730x365

ကျိုက်နဲရေလယ်ဘုရားဖြစ်စဉ်မှာ ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး ဘေးမသီရန်မခပဲ အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတရုံး က ဆုတောင်းပေးလိုက်ပါတယ်။

ဒါ့အပြင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ဌာနေအရပ်ဘက်လူမှုကူညီရေး အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကလည်း စနစ်တကျ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲရေလယ်ဘုရားဖူးဖို့ နိုဝင်ဘာ ၂၁ ရက် မနက် ၇ နာရီလောက်က ဘုရားဖူး ၅၀ ဝန်းကျင် ရေထဲကနေ ဖြတ်ကူးချိန် ရုတ်တရက် ပင်လယ်ရေတက်လာပြီး ရေထဲမျောပါသွားကြကာ ဒီနေ့ညနေအထိ ၁၅ လောင်း ဆယ်ယူရရှိထားပြီလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အံခဲကျေးရွာနဲ့ ဝဲကလောင်းကျေးရွာကြား ပင်လယ်ကမ်းခြေ နှစ်မိုင်ခန့်အကွာလောက်ရှိတဲ့ ရေလယ်ဘုရားကို သွားရောက် ဖူးမြော်ကြရာက ရေနစ် သေဆုံး ပျောက်ဆုံးနေကြတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘုရားဖူးအယောက် ၃၀ လောက် ပျောက်ဆုံးနေတဲ့ ကိစ္စရပ်အတွက် အမျိုးသားညီညွတ်ရေးအစိုးရက အထူးပင် စိတ်မကောင်းဖြစ်ရပြီး မိသားစုတွေနည်းတူ ထပ် တူဝမ်းနည်းကြေကွဲရကြောင်းနဲ့ ဒေသခံမိဘပြည်သူတွေအနေနဲ့ ကျန်ရစ်သူမိသားစုတွေကို ကိုယ်အားစိတ်အားနဲ့ ဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေသူတွေကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရက ချီးကျူးဂုဏ်ပြုကာ ဘေးရန်ကင်းစွာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နိုင်စေဖို့ ဆုတောင်းပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024