ရှမ်း-ကယား နယ်စပ်က မိုးဗြဲနဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက အင်းအားအလုံးအရင်းသုံးပြီး စစ်ကြောင်းတွေ ထိုးနေတာကြောင့် စစ်ရေးလမ်းကြောင်းပေါ်မှာ ကျရောက်နေတဲ့ ကျေးရွာတွေက အရပ်သားပြည်သူ ၅၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဲဒီလို နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေကြရတဲ့ အရပ်သားပြည်သူလူထုတွေရဲ့ စပါးခင်းတွေကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်း (i) က ရိတ်သိမ်းခြွေလှေ့ပေးနေတာပါ။
“အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းတွေ အရမ်းထိုးနေတော့ ရွာသူရွာသားတွေက ရွာကို ထားပြီး ထွက်ပြေးကြတယ်။ မပြေးလို့လည်း မရဘူးလေ၊ စစ်တပ်က စစ်ကြောင်းထိုးလာရင် အရပ်သားတွေကို ကလေး လူကြီး ယောကျာ်းမိန်းမ မခွဲခြားဘဲ တွေ့တဲ့လူကို ဖမ်းဆီးရိုက်နှက် သတ်ဖြတ်တာကိုဗျ။ အခု သူတို့ မရိတ်သိမ်းနိုင်ဘဲ ထားပစ်ခဲ့တဲ့ စပါးခင်းတွေကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရိတ်သိမ်းပေးတယ်၊ ခြွေပေးတယ်” လို့ PDF-DMO တပ်ရင်း (i) တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရှမ်းပြည်နဲ့ ကယားပြည်နယ်စပ်မှာရှိတဲ့ ဖယ်ခုံ၊ မိုးဗြဲနဲ့ ဒီးမော့ဆိုမြို့နယ်တွေအတွင်းမှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းတွေနဲ့ ဒေသခံ ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြား စစ်ရေးတင်းမာနေတာကြောင့် အရပ်သားပြည်သူလူထု သောင်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ပြည်သူတွေ သေဆုံး ဒဏ်ရာရတာတွေရှိသလို တရားမဲ့ ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခံရတာတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် အကြမ်းစစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူလူထုရဲ့ နေအိမ်တွေ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေ ရှိနေပါတယ်။