မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၂ လမ်း ၊ ၃၇ လမ်း အနီး၊ ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ နိုဝင်ဘာ ၂၁ ရက် မနက် ၈ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။
ရပ်ကွက်ရုံးမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားပြီး သေနတ်နဲ့ ပစ်ခံရတဲ့အတွက် တပ်သားတစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
“ရပ်ကွက်ရုံးမှာ တပ်စွဲထားတာရှိတယ်။ ပစ်တာ သုံးချက်လောက်ရှိမယ်။ စစ်ကောင်စီတပ်ဘက်ကလည်း ပြန်ပစ်တာရှိတယ်။ လုံခြုံရေးတပ်သားတစ်ဦး ပေါင်မှာ ကျည်မှန် ဒဏ်ရာရတာတော့ရှိတယ်” လို့ အနီးပတ်ဝန်းကျင်ရှိပြည်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီက ခန့်ထားတဲ့ ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီကို သတင်းပေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ကလည်း ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သေနတ်နဲ့ (၅) ချက်လောက် ပစ်သွားတာရှိပေမယ့် ထိခိုက်ဒဏ်ရာရတာတော့မရှိခဲ့ပါဘူး။