ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ပြန်ဆက်ဌာနက သတင်းထောက် ဦးအောင်ခိုင်ရဲ့ ဇနီးဖြစ်သူကို နိုဝင်ဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ပြန်ဆက်သတင်းထောက် ဦးအောင်ခိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ရီရီချိုကို သံဖြူဇရပ်မြို့နယ်ထဲက စစ်ဆေးရေးဂိတ်မှာ ကားတားစဉ် ရပ်တန့်မပေးတာကြောင့် စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“သူ့အမျိုးတွေဆီ သွားလည်တာ။ မွန်ပြည်နယ်ဘက် လမ်းမှာ သူတို့စီးတဲ့ကားကို တားတော့ ရပ်မပေးလို့ လှမ်းပစ်တာ ၃ ချက်ပစ်တာ သူ့ခါးကိုထိတယ်ပြောတယ်။ အဲဒီဒဏ်ရာနဲ့ အပစ်ခံရတဲ့နေရာမှာ သေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်သတ်ခံခဲ့ရတဲ့ ပြန်ဆက်သတင်းထောက်ရဲ့ ဇနီးဖြစ်သူကို မအူပင်မြို့၊ အမှတ် ၁ ရပ်ကွက်က ဝန်ထမ်းလိုင်းခန်းကို ပြန်လည်သယ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
ပြန်ဆက်သတင်းထောက်ရဲ့ ဇနီးဖြစ်သူ နာရေးကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ နေအိမ်လိုင်းခန်းကနေ မအူပင်သုသာန်ကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။