အိမ်စီးကားတွေဟာ စစ်ကောင်စီယာဉ်တန်းတွေနဲ့ ပူးကပ်သွားလာနေတာကြောင့် ဆောင်ရွက်နေဆဲ စစ်ဆင်ရေးကို ရပ်တန့်ခဲ့ရတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်ပါတယ်။
ဒီးမော့ဆိုမြို့နယ် ၆ မိုင်ရွာမှာ နိုဝင်ဘာ ၁၈ ရက်က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းဖြတ်သွားမယ့် သတင်းရတာကြောင့် ပြည်သူ့ကာကွယ်ရေးစုပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ကားတစီးပျက်စီးပြီး စစ်သား ၂ ယောက် သေဆုံးခဲ့ပေမဲ့ အိမ်စီးကားတွေဟာ စစ်ကောင်စီယာဉ်တန်းနောက်က ပူးကပ်လိုက်ပါလာလို့ ပြည်သူတွေ မထိခိုက်အောင် ဆက်မတိုက်တော့ဘဲ စစ်ဆင်ရေးကို ရုပ်သိမ်းခဲ့ရတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
ဒါကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းတွေနဲ့ ဝေးရာကနေ ခွာပြီး မောင်းနှင်ဖို့၊ မြို့ထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ဂိတ်တွေကို ရှောင်ရှားဖို့၊ စစ်ကောင်စီ တပ်သားတွေနဲ့ အဝေးမှာနေဖို့၊ ပေါက်ကွဲပစ်ခတ်သံတွေကြားရင် အဲဒီနေရာတွေကို မသွားဖို့ အထူးဂရုပြုကြပါလို့လည်း မေတ္တာရပ်ခံထားပါတယ်။