Home
မြန်မာသတင်း
ပူတာအိုတွင် ကိုဗစ်ရောဂါကူးစက်နှုန်း မြင့်တက်လာသဖြင့် အရေးပေါ်အကူအညီ လိုအပ်နေ
DVB
·
November 18, 2021
258229361_2987414178253187_2315456876281858804_n

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရှိ ကျေးရွာတိုင်းလိုလိုမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ လူနာတွေရှိနေပြီး ဆေးရုံမှာလည်း ကိုဗစ်လူနာတွေနဲ့ ပြည့်နေလို့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့  ပူတာအို ပရဟိတလူငယ်တစ်ဦးက ပြောပါတယ်။ 

"ရွာတိုင်းနီးပါး ကိုဗစ်ကူးစက်ခံထားရပါတယ်။ ဆေးရုံမှာဆို ကိုဗစ်လူနာတွေနဲ့ ပြည့်နှက်နေပြီး နေရာမဆံ့တော့ပါဘူး။ စစ်ဆေးရုံကလည်း ကိုဗစ်လူနာကို လက်မခံကြ‌တော့ဘူး။ တချို့ဆို ဆေးရုံတောင်မရောက်ရဘဲနဲ့ သေဆုံးသွားတဲ့ လူနာတွေလည်းရှိပါတယ်။ အ သက်ကြီးပိုင်းနဲ့ နာတာရှည်လူနာတွေ အများအပြား သေဆုံးခဲ့ရတယ်။ မီးဖွားခါစ မိခင်နှစ်ယောက်နဲ့ စကစ စစ်သားတစ်ယောက်လည်း ကိုဗစ်ကူးစက်ခံရလို့ သေဆုံးခဲ့ပါတယ်။” 

ပူတာအိုဒေသခံတစ်ဦးကလည်း "ရောဂါဖြစ်ခါစမှာ အားကစားပြိုင်ပွဲတွေကျင်းပလိုက်တော့ ပိုဆိုးသွားတယ်၊ ပြည်သူတစ်ချို့က စည်းကမ်းမရှိကြတော့ ကြိုတင်ကာကွယ်မှုတွေမရှိခဲ့ဘူး။ လာ‌ရောက်တဲ့ သူ‌တွေလည်း တစ်‌နေ့တစ်‌နေ့ အ‌ယောက်ထောင်ချီလာကြပါတယ်။ အဲဒီက‌နေ ကိုဗစ်‌ရောဂါ တမြို့လုံးကို ဖြန့်သလိုဖြစ်‌သွား‌တော့ အဲဒီနောက်ပိုင်း ရွာတိုင်းလိုလိုမှာ ရောဂါကူးစက်နေတဲ့ လူနာရှိနေပါပြီ" လို့ ပြောပါတယ်။

ပူတာအို ကိုဗစ်ထိန်းချုပ်ရေးနဲ့ပက်သက်ပြီး ဒေသခံ လူမှုအဖွဲ့အစည်းတိုင်းက ကြိုးစား‌ လုပ်ဆောင်နေပြီး လူနာတွေနဲ့ စေတနာ့၀န်ထမ်းများအတွက် အကာကွယ်ပစ္စည်းတွေ အကူညီလိုအပ်နေပါတယ်။ 

ပူတာအိုပြည်သူများအနေနဲ့ ‌ကိုဗစ် -၁၉ နဲ့ ပတ်သက်လို့ ရှောင်ရန်၊ ဆောင်ရန်များကို စည်းကမ်းရှိစွာ လိုက်နာရင် ကိုဗစ်ပြဿနာကို ကျော်လွှားနိုင်မယ်လို့ ပူတာအိုလူငယ်တစ်ဦးကလည်း ပြောပါတယ်။

ပူတာအိုခရိုင် ပြည်သူ့ဆေးရုံရဲ့ စစ်တမ်းကောက်ချက်အရ ပိုးတွေ့လူနာစုစုပေါင်း ၇၉၃ ဦး၊ ကုသဆဲလူနာ ၁၇၆ ဦး၊ သေဆုံးသူပေါင်း ၁၄ ဦးနဲ့ ဆေးရုံဆင်းသူလူနာပေါင်း ၆၀၃ ဦးလို့ သိရှိရပေမယ့် အတည်မပြုနိုင်‌သေးတဲ့လူနာများလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024