မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မြင်သာကျေးရွာက အာဏာဖီဆန် CDM လုပ်ထားတဲ့ ကျောင်းဆရာတယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး သတ်ပစ်လိုက်ပါတယ်။
ဆရာ ဦးဇော်မင်းအောင်နဲ့ ရွာသားတယောက်ကို ဒီနေ့ မနက် ၁၁ နာရီခွဲမှာ စစ်ကောင်စီတပ်သားတွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာပါ။
"PDF နဲ့ ပတ်သက်တယ်ဆိုပြီး လာဖမ်းတာ။ အိမ်တွေကိုလည်း မွှေတယ်။ ကြာညှပ်ရဲစခန်းကို ခေါ်သွားတယ်။ ညနေ ၅ နာရီမှာတော့ ဆရာအလောင်းက ကြာညှပ်ရင်ခွဲရုံကိုရောက်လာတယ်။ ခု မီးသင်္ဂြိုလ်နေပါတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင်"အမေစု ကျန်းမာပါစေ"လို့ အော်ခိုင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့သိရပါတယ်။
အသက် ၄၀ ဝန်းကျင်အရွယ် ဆရာဦးဇော်မင်းအောင်ဟာ ရွှေစကာကျေးရွာ (အထက)ခွဲက ကျောင်းဆရာတယောက်ဖြစ်ပြီး သူနဲ့အတူဖမ်းခံရတဲ့ ကိုမိုးကျော်ဟာလည်း ရိုက်နှက်ခံထားရလို့ နားထဲ သွေးထွက်နေတယ်လို့ သိရပါတယ်။