စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လှိုင်းချောင်းတမံလမ်းခွဲအနီးက နေအိမ်အချို့ကို နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၅ ခွဲလောက် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဘာကြောင့် အခုလို မီးရှို့တာလဲဆိုတော့ ကျနော်တို့ရွာနဲ့ မိုင်ဝက်ခန့်ဝေးတဲ့နေရာမှာ ဒီကောင်တွေကို ဒေသခံပြည်သူကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်တာတွေတော့ ရှိတယ်။ အဲလိုလုပ်တာကလည်း ကျနော်တို့ရွာသားတစ်ယောက်မှ မပါဘူး။ သူတို့ကဗျာ ကြွက်မနိုင် ကျည်တိုက် မီးနဲ့ရှို့တာပဲလို့ ပြောရမယ်ဗျ။ နေအိမ် ၄ လုံးတော့ မီးလောင်သွားတယ်။ ဘာပစ္စည်းမှမရလိုက်ဘူး” လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
အဆိုပါ မီးရှို့ခံရတဲ့ ကျေးရွာဟာ စတင်တည်ထောင်စ ပြည်ထဲရေးအမည်မပေါက်သေးတဲ့ ကျေးရွာအသစ်တစ်ခုဖြစ်ပြီး နေအိမ် ၁၅ လုံးပဲ ရှိသေးတယ်လို့ သိရပါတယ်။
အဆိုပါကျေးရွာကို အနီးပတ်ဝန်းကျင်ကျေးရွာတွေက ရွာသစ်ကျေးရွာလို့ ခေါ်ကြပြီး မိရိုးဖလာတောင်သူလုပ်ငန်းလုပ်ကိုင်ကာ ပုလဲ-ဂန့်ဂေါ်သွားလမ်းနဲ့ နွယ်အင်း၊ ချောင်းဦးကျေးရွာ စတဲ့ ကျေးရွာတွေဆီသွားတဲ့ လမ်းဆုံဖြစ်တာကြောင့် တစ်ပိုင်တစ်နိုင် ဈေးရောင်းတာတွေလည်း လုပ်ကိုင်ကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။