ရှမ်းပြည်တောင်ပိုင်း ရှမ်းကယားနယ်စပ်၊ မိုးဗြဲ PDF ကင်းစခန်းတခုကို နိုဝင်ဘာ ၁၇ ဒီကနေ့ မနက် အစောပိုင်း စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက်အစောပိုင်း ၂ နာရီခွဲအချိန်လောက်က မိုးဗြဲပြည်သူတွေကို လုံခြုံရေး တာဝန်ယူပေးထားတဲ့ မိုးဗြဲ PDF ကင်းစခန်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လူအင်အား လက်နက်အင်အား မမျှတပေမယ့် ကြံ့ကြံ့ခံ ခုခံရင်ဆိုင်တိုက်ခိုက်ခဲ့ပြီးနောက် ကင်းစခန်းနေရာကနေ ဆုတ်ခွာခဲ့ရကာ ရဲဘော် ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သလို ၂ ဦးက အသေးစား ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ဝင်ရောက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ညတွင်းချင်း ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသလို လူနေရပ်ကွက်အတွင်း ပြည်သူတွေရဲ့ အိုးအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၄ ရက်တုန်းက လွိုင်ကော်ကနေ ဖယ်ခုံမြို့ကို ချီတက်လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို မိုးဗြဲ PDF နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ကပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်း မိုးဗြဲအပါအဝင် ဖယ်ခုံမြို့နယ်တွေမှာ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ သောင်းချီ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။