Home
မြန်မာသတင်း
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် SNLD ပါတီ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး
DVB
·
November 17, 2021
248451258_2287309548077961_5559959883597625429_n

မြန်မာပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါဟာ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ခေါင်းဆောင်တွေနဲ့   နိုဝင်ဘာ ၁၆  ရက် ညနေပိုင်းက  ရန်ကုန်မှာ  ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။

ပထမဆုံးအကြိမ်တွေ့ဆုံတာမို့ မိတ်ဆက်သဘောနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း၊ ရှမ်းပြည်နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ဒီဗွီဘီကို ပြောပါတယ်။ 

“အခုမှမိတ်ဆက်တွေ့ကြတာဆိုတော့ ဆွေးနွေးတာဘာမှသိပ်မရှိပါဘူး၊ ကျနော်တို့ကလည်း ကျနော်တို့အနေအထားကိုပြောပြတယ်၊  သူ့ရည်ရွယ်ချက်ကတော့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရ အောင် သူတို့ဆောင်ရွက်ချင်တယ်၊ ဒါကြောင့် EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) နဲ့ တပ်မတော်ငြိမ်းချမ်းရေးရအောင် သူတောက်လျှောက်လုပ်နေတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးမှာ မြန်မာပြည်ငြိမ်းချမ်းရေးရဖို့ သာယာဝပြောဖို့ဆိုရင် စစ်တပ်နဲ့ အာဏာရ နိုင်ငံရေးပါတီနဲ့ ဒီကိစ္စနဲ့မပြီးဘူးဆိုတာ တဖြည်းဖြည်းနဲ့ သူသိလာပြီ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ လည်းပါမှရမယ်ဆိုတာသူသိလာပြီ။ မြန်မာပြည်မှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ မပြေလည်သေးရင် ဒီမိုကရေစီရရင်တောင်မှ ပြေလည်မှာမဟုတ်ဘူး၊ လက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်သွားရုံနဲ့ မရသေးဘူး၊ နိုင်ငံရေးပြေလည်မှုရဖို့လိုတယ်၊ နိုင်ငံရေးပြေလည်ဖို့အတွက် နိုင်ငံ ရေး ပါတီတွေကို ပစ်ပယ်လို့မရဘူးဆိုတာတွေ ဆွေးနွေးပါတယ်”လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။ 

ဒါ့အပြင် ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်လို့ နိပွန်ဖောင်ဒေးရှင်းအနေနဲ့ စာသင်ကျောင်းအသေးစားလေးတွေ ၄၈၀ ကျော်ဆောက်လုပ်ပေးခဲ့တယ်လို့  မစ္စတာဆာဆာကာဝါက ပြောခဲ့ပြီး  ဒုက္ခသည်တွေ စစ်ဘေးရှောင်တွေ အထူးသဖြင့် ရခိုင်နဲ့ ကရင်ပြည်နယ်ဘက်မှာလည်း ကူညီထောက်ပံ့ပေးခဲ့တယ်လို့ပြောပါတယ်၊ 

SNLD ပါတီအနေနဲ့လည်း  လက်ရှိရှမ်းပြည်နယ်က စစ်ဘေး ရှောင်ပြည်သူ ၁၀၀၀၀ ကျော်အတွက် ကူညီထောက်ပံ့ပေးဖို့နဲ့ ပြည်သူလူထုစီးပွါးရေးအပိုင်းမှာလည်း ပြည်သူတွေကုန်သွယ်မှုအပိုင်းမှာ ရွေးချယ်ခွင့်နည်းပါးနေသေးကြောင်း ၊ လက်ရှိတရုတ်နိုင်ငံနဲ့သာ အဓိကကုန်သွယ်နေရပြီး ဂျပန်က လည်း မန္တလေးမှာ ကောင်စစ်ဝန်ရုံး  လာဖွင့်သင့်ကြောင်း အကြံပြုခဲ့တယ်လို့ ဆိုပါတယ် ။  

ဒါပေမဲ့ သူတို့ကအစိုးရမဟုတ်ဘဲ ဖောင်ဒေးရှင်းသာဖြစ်လို့ အများကြီးလည်း မျှော်လင့်ချက်မထားကြောင်း၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာလည်း အစိပ်အပိုင်းလေး တစ်ခုမျှသာဖြစ်ပြီး မစ္စတာဆာဆာကာဝါကတော့ သူတတ်နိုင်သလောက်လုပ်ဆောင်နေတယ်လို့ ပြောသွားပါတယ်။

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနဲ့  SNLD  ခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဋ္ဌ  ဦးစိုင်းညွန့်လွင် ၊ တွဲဘက်အတွင်းရေးမှူး ( ၁ ) စိုင်းကျော်ညွန့်တို့နဲ့ မနေ့ ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲအထိ ရန်ကုန်မြို့ Melia Hotel ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ 

မစ္စတာဆာဆာကာဝါဟာ မြန်မာနိုင်ငံကို အကြိမ်ပေါင်း ၁၄၀ လာခဲ့ဖူးပြီး အခုတကြိမ်မှာတော့  အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ကာ ရခိုင်နိုင်ငံရေးပါတီ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024