ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ အမျိုးသားနှစ်ယောက်တွဲ ဆိုင်ကယ်မစီးဖို့နဲ့ အမျိုးသမီးရဲ့နောက်မှာ အမျိုးသားက လိုက်ပါ ဆိုင်ကယ်စီးနင်းတာမပြုလုပ်ဖို့ လွိုင်ကော်မြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အများပြည်သူလုံခြုံရေးနဲ့ ရပ်ကွက်အေးချမ်းသာယာရေးအတွက် နိုဝင်ဘာ ၁၆ ရက်ကစပြီး ခုလိုတားမြစ်လိုက်တာဖြစ်ပြီး အမျိုးသားတဦးနောက်မှာတော့ အမျိုးသမီးတဦး လိုက်ပါစီးနင်းနိုင်ကြောင်းနဲ့ အမျိုးသမီးနှစ်ဦး စီးနင်းနိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ဒီအမိန့်ဟာ အများပြည်သူအကျိုးအတွက် ရည်ရွယ်ထုတ်ပြန်တာဖြစ်ပြီး လိုက်နာဖို့ ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူမှာဖြစ်ပြီး ဒီအမိန့်ကို ထုတ်ပြန်တဲ့နေ့ကစလို့ ရက်ပေါင်း ၆၀ အတွင်း အတည်ဖြစ်ကြောင်း ဖော်ပြပါတယ်။
ကယားပြည်နယ်အတွင်း လက်ရှိအချိန် လက်နက်ငယ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ ကျောင်းတွေ၊ ဌာနဆိုင်ရာအဆောက်အဦီတွေနဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့နေအိမ်ကို လက်လုပ်မိုင်းတွေနဲ့ ပစ်ပေါက်တာစတဲ့ အကြမ်းဖက်လုပ်ရပ်တွေဖြစ်ပွားနေတယ်လို့ဆိုပါတယ်။
ဒီလိုပစ်ခတ်မှုတွေကိုအများအားဖြင့် မော်တော်ဆိုင်ကယ်ကို အမျိုးသားနှစ်ယောက် စီးနင်းအသုံးပြုလေ့ရှိပြီး တယောက်ကဆိုင်မောင်းနှင်ပေးတာ၊ ပြစ်မှုကူးလွန်ချိန်မှာ တနေရာမှာအသင့်စောင့်ဆိုင်ပေးတာ၊ ကျန်တယောက်က အကြမ်းဖက်လုပ်ရပ်တွေကို ဆောင်ရွက်ကြတာကို စိစစ်တွေ့ရှိရကြောင်း ဖော်ပြပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာလည်း အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီးရင် ဒါမှမဟုတ် အမျိုးသမီး မောင်းတဲ့ ဆိုင်ကယ်နောက်မှာ အမျိုးသား လိုက်ပါစီးနင်းရင် အမေးအမြန်းမရှိ ပစ်ခတ်မယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာ လိုက်လံကြေညာခဲ့ပါတယ်။
အဲဒီလို လိုက်လံကြေညာရာမှာ ပညာပေးကာလကို နိုဝင်ဘာလ ၁၈ ရက်နေ့ထိ သတ်မှတ်ထားပြီး နိုဝင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ဖမ်းဆီးအရေးယူမယ်လို့ ဆိုပါတယ်။
အလားတူ ရန်ကုန်တိုင်းအတွင်း စည်ပင်နယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်မစီးဖို့နဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာ ဆိုင်ကယ် လူ ၂ ယောက်မစီးဖို့ ကန့်သတ်ထားသလို မျက်နှာမှာ Mask တပ်သူတွေ ကို ဒဏ်ငွေ ရိုက်တာတွေလည်း ရှိနေပါတယ်။