စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အနောက်တောင်ပိုင်းမှာ တပ်ဖွဲ့ဝင်ဦးရေ ၂၀ ကျော် စခန်းချနေထိုင်တဲ့ PDF (Kalay) တပ်ရင်း ၃ အောက်က တပ်ခွဲတစ်ခုရဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး နိုဝင်ဘာ ၁၆ ရက် မနက် ၈ နာရီကျော်လောက်က ဝင်ရောက်စီးနင်း သိမ်းပိုက်သွားခဲ့တယ်လို့ သိရပါတယ်။ ‘
အဆိုပါ ဖြစ်စဉ်မှာ စခန်းရှိ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၀ ဦး ဖမ်းဆီးခံသွားရပြီး အဖမ်းခံရသူ အများစုဟာ တပ်ရင်း ၃ Medical Team ဆေးတပ်က အဖွဲ့ဝင်တွေဖြစ်တယ်လို့ PDF (Kalay) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဖမ်းဆီးခံရသူများထဲက အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်ပြီဆိုတဲ့ သတင်းတချို့ ပေါ်ထွက်နေပြီး အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒါ့အပြင် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ ကလေးမြို့နယ်အနောက်တောင်ပိုင်း နယ်မြေတဝိုက်ရှိ ရှားတော၊ မြို့ကြီးကုန်း၊ မြို့လှစတဲ့ နေရာအသီးသီးမှာ စစ်ကြောင်းတွေ ခွဲတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF (Kalay) ၊ CNDF ၊ CDF (KKG) ၊ ရပ်ရွာ ပ.က.ဖ အဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ညနေ ၆ နာရီခွဲအထိ တိုက်ပွဲပြင်းထန် ဖြစ်ခဲ့ပါတယ်။
မြို့လှရပ်ကွက်ဘက်မှ စစ်ကူတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို PDF (Kalay) တပ်ဖွဲ့တွေက မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အပြင် ကလေးမြို့နယ် ၊ တာဟန်းရပ်ကွက်ရှိ တာဟန်းရဲစခန်းကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတိုက်ပွဲတွေအတွင်း နှစ်ဘက်ထိခိုက်သေဆုံး၊ ဒဏ်ရာရမှု အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။