မန္တလေးတိုင်း မိုးကုတ်မြို့က အ.ထ.က (၁) အထက်တန်းကျောင်းနားမှာ နိုဝင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီလောက်က ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီး ပိတ်စွယ်ရပ်ကွက်က ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းနားမှာလည်း အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ တစ်ဦးက "ကျောင်းအရှေ့မှာ ဗုံးပေါက်တာ။ ထိခိုက်တာတော့ မရှိဘူး။ ကျောင်းတက်နေသူတွေ ရှိတယ်။ ပိတ်စွယ်မှာက သေနတ်ပစ်သံ ၁၆ ချက်လောက် ကြားလိုက်တယ်။ အပြန်အလှန်ပစ်တာမျိုးပဲ၊ ခုတော့ လမ်းသွားလမ်းလာရှင်း နေတယ်" လို့ ပြောပါတယ်။
မိုးကုတ်မြို့က အ.ထ.က (၁) ကျောင်းမှာ ကျောင်းတက်နေသူ အယောက် ၁၀၀ လောက်ရှိပြီး ထိခိုက်မှု မရှိဘူးလို့လည်း သိရပါတယ်။
ပိတ်စွယ်ရပ်ကွက်က ပုဗ္ဗာရုံကျောင်းဘက်မှာ ပစ်ခတ်သံတွေကြားခဲ့ရပေမဲ့ ဘယ်အဖွဲ့နဲ့ ပစ်တယ်ဆိုတာကိုတော့ အတည်ပြုလို့ မရနိုင်သေးပါဘူး။
မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က စစ်သားတွေက စစ်ကားတွေနဲ့ ကင်းလှည့်နေတယ်လို့လည်း သိရပါတယ်။