ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ရှိ အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ နိုဝင်ဘာ ၁၅ ရက်နေ့က ဗုံး ၂ ကြိမ် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်တာတော့ မရှိပါဘူး။
အနောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မနက် ၉ နာရီနဲ့ ၉ နာရီခွဲကြားမှာ ဗုံး ၂ ကြိမ် ပေါက်ကွဲသံကြားရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံး ၂ လုံးက သိပ်မကွာဘူး၊ ၁၀ မိနစ်လောက်ပဲကွာမယ်၊ ဒါပေမဲ့ လူထိခိုက်တာမျိုးတော့ မရှိဘူး။ ပန်းတနော်က ငြိမ်နေတာကြာပြီ။ အခုမှပြန်ဖြစ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲ ဗုံးပေါက်ကွဲတာဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ မသိရသေးသလို ဖမ်းမိတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲ ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာပဲ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။