မွန်ပြည်နယ်၊ ပေါင်မြို့ ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက ဒေသခံ ၂၀ နီးပါး ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ကို အရပ်သားပြည်သူတွေအပေါ် ဖိနှိပ်ခြိမ်းခြောက်တာတွေ လုပ်နေတယ်ဆိုပြီး ပေါင်မြို့နယ် Special Force Paung တပ်ဖွဲ့က နိုဝင်ဘာ ၁၃ ရက်နေ့မှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပေါင်မြို့ ပေါ်ရပ်ကွက်တွေထဲက အရပ်သား ပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့မှာ ၁၀ ယောက် ၊ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ၈ ယောက် ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ လူငယ်နဲ့ အမျိုးသမီး အများစု ပါဝင်ပြီး၊ အဲဒီထဲမှာတော့ အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ရဲ့ မယားညီအစ်ကို တယောက်လည်း ပါဝင်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားရဆိုတာ မသိရသေးသလို လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးပါဘူး။
လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပေါင်မြို့ပေါ် ရပ်ကွက်တွေမှာ လုံခြုံရေး တင်းကျပ်ထားသလို ပိတ်ဆို့ရှာဖွေ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။